An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

(၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) မှ ပေးပို့သော ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၆ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် ကျရောက်သော (၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့ အခါသမယ၌ ကရင်နီပြည်သူပြည်သားများ၊ ကမ္ဘာအရပ်ရပ်တွင် ရောက်ရှိနေကြသော ကရင်နီအမျိုးသားများနှင့် မြန်မာနိုင်ငံအတွင်းရှိ တိုင်းရင်းသားညီအစ်ကိုမောင်နှမများ အားလုံး ဘေးအန္တရာယ်ကင်းဝေးပြီး ဖိနှိပ်ခံဘဝမှ အမြန်ဆုံး လွတ်မြောက်ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။ ခေတ်အဆက်ဆက် အာဏာရှင်စနစ် အဆုံးသတ်ရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် အသက်ပေးလှူသွားကြသည့် အာဇာနည်သူရဲကောင်းများကို အစဉ်ဦးညွှတ် ဂုဏ်ပြုပါသည်။ အခက်အခဲများကြားမှ စစ်အာဏာရှင်စနစ်ကို ဆက်လက်တွန်းလှန် တိုက်ပွဲဝင်နေကြသော တော်လှန်ရေး ရဲဘော်၊ရဲမေများနှင့် ကရင်နီပြည်သူလူထုတစ်ရပ်လုံး၏ ပေးဆပ်အနစ်နာခံမှုများကို လေးစားစွာအသိအမှတ်ပြု ဂုဏ်ပြုအပ်ပါသည်။

၁၈၇၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့သည် ဗမာဘုရင်၏ကိုယ်စားလှယ် ကင်းဝန်မင်းကြီးနှင့် ဗြိတိသျှအစိုးရ ကိုယ်စားလှယ်တို့အကြား ချုပ်ဆိုခဲ့သော ကရင်နီပြည်၏သီးခြားလွတ်လပ်မှုကို အသိအမှတ်ပြုသည့် သမိုင်းဝင်နေ့တစ်နေ့ ဖြစ်သည်။ ထို့ကြောင့် မျိုးဆက်သစ်များအနေဖြင့် မိမိတို့၏ အမျိုးသားဂုဏ်သိက္ခာ၊ ကိုယ်ပိုင်လက္ခဏာနှင့် နိုင်ငံရေးအခွင့်အရေးများကို မမေ့မလျော့ဘဲ ဆက်လက်ထိန်းသိမ်း မြှင့်တင်သွားရန် ကရင်နီအမျိုးသားတိုင်းတွင် တာဝန်ရှိပါသည်။

ကရင်နီပြည်သည် သမိုင်းကြောင်းအရ သီးခြားလွတ်လပ်ခဲ့သကဲ့သို့၊ လက်ရှိတွင်လည်း အခြားတိုင်းရင်းသားများနှင့်အတူ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် လက်တွဲဆောင်ရွက်လျက်ရှိသည်။ စစ်အုပ်စု၏ ဖိနှိပ်မှုကို တွန်းလှန်ရင်း ကရင်နီပြည် ကြားကာလအစီအမံ၏ ရည်မှန်းချက်များအတိုင်း ချီတက်လျက်ရှိရာ ယနေ့အချိန်တွင် ကရင်နီပြည်၏ အုပ်ချုပ်ရေးယန္တရားများကို အတိုင်းအတာတစ်ခုအထိ တည်ဆောက်နိုင်ခဲ့ပြီး ပိုမိုစနစ်ကျသော အုပ်ချုပ်ရေးစနစ် ဖြစ်လာစေရန် ဆက်လက် အကောင်အထည်ဖော်လျက် ရှိသည်။

အနာဂတ် ကရင်နီပြည်တည်ဆောက်ရာတွင် ပြည်သူလူထု၊နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေး တပ်ပေါင်းစုများနှင့် အစုအဖွဲ့များအားလုံးသည် စည်းလုံးညီညွတ်မှု၊ အပြန်အလှန် ယုံကြည်လေးစားမှု တို့ကို အခြေခံ၍ ဘုံရည်မှန်းချက်များ အောင်မြင်သည်အထိ ဆက်လက်ပူးပေါင်း ကြိုးပမ်းသွားကြပါရန် ဤ (၁၅၁) နှစ်မြောက် ကရင်နီအမျိုးသားနေ့ကို ရည်ညွှန်း၍ တိုက်တွန်းနှိုးဆော်ရင်း သဝဏ်လွှာကိုပေးပို့အပ်ပါသည်။

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)