၁။ ယနေ့ကျရောက်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တည်ထောင်ခြင်း (၄) နှစ်ပြည့် အချိန်အခါ သမယတွင် ကရင်နီ တစ်မျိုးသားလုံးနှင့်အတူ အခန်းကဏ္ဍ အသီးသီးတွင် တာဝန်ထမ်းဆောင်လျက်ရှိသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မှ တပ်ဖွဲ့ဝင်များ အားလုံး ဘေးအန္တရာယ် ကင်းဝေးပါစေကြောင်း ဦးစွာဆုမွန်ကောင်း တောင်းလိုက်ပါသည်။ (၄) နှစ်တာ ကာလအတွင်း တိုက်ပွဲများစွာတွင် ပါဝင်ရင်း ကျဆုံးသွားသည့် ကရင်နီ အမျိုးသားများကာကွယ်ရေးတပ် (KNDF) တပ်ဖွဲ့ဝင်များ အားလုံးကို အာဇာနည် သူရဲကောင်းများအဖြစ် ဂုဏ်ပြုမှတ်တမ်းတင်ပါသည်။ ထိုနည်းတူ တိုက်ပွဲအတွင်း ကိုယ်လက်အင်္ဂါများ ပေးဆပ်ခဲ့ရသည့် တပ်ဖွဲ့ဝင်များ အားလုံးကိုလည်း ဦးညွှတ် ဂုဏ်ပြုပါသည်။
၂။ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သည် ကရင်နီပြည်လူထုများ စစ်အာဏာရှင် လက်အောက်မှ လွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ဖက်ဒရယ်ဒီမိုကရေစီအရေးအတွက် ကိုယ်ကျိုးစွန့် တိုက်ပွဲဝင်လာခဲ့သကဲ့သို့ စိန်ခေါ်မှုမျိုးစုံကို အံတုကျော်ဖြတ်လာခဲ့သည်မှာ (၄) နှစ်တိုင်တိုင် ရှိခဲ့ပြီဖြစ်ပါသည်။ ရှေ့ဆက်တွင်လည်း ပြည်သူ့ခွန်အားနှင့်အတူ ပြည်သူအပေါ် သစ္စာခံသော၊ စစ်ဥပဒေကို လေးစားလိုက်နာသော၊ စနစ်ကျသော တပ်တစ်ခုအဖြစ် ဆက်လက် ရပ်တည်နိုင်ရန် တိုက်တွန်းအားပေးလိုပါသည်။
၃။ ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) အနေဖြင့် မိမိတို့ချမှတ်ထားသော စစ်ရေး၊ နိုင်ငံရေးပန်းတိုင်ကို အောင်မြင်သည်အထိ ဆက်လက်လျှောက်လှမ်းနိုင်ပါစေကြောင်းနှင့် အနာဂတ် အသွင်ကူးပြောင်းရေးကာလနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကာလများတွင် ပြည်နယ် တပ်တစ်ခု ပေါ်ထွန်းရေး လုပ်ငန်းစဉ်များ၌ အခြားသော မဟာမိတ်အင်အားစုများနှင့်အတူ အင်တိုက်အားတိုက် ဆက်လက် ကြိုးပမ်း ဆောင်ရွက်နိုင်ပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
“အကြမ်းဖက်စစ်တပ်၏ ဖိနှိပ်မှုများကို ဆက်လက်တွန်းလှန်တိုက်ပွဲဝင်လျက် အောင်ပွဲများစွာရရှိပါစေ”
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ