ယနေ့ ၂၀၂၆ ခုနှစ်၊ ဧပြီလ (၁၀) ရက်နေ့တွင် ကျရောက်သော (၂၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့သည် ရိုးရာဓလေ့နှင့် ယဉ်ကျေးမှုအမွေအနှစ်များကို ထိန်းသိမ်းရုံသာမက၊ တော်လှန်ရေးကာလတွင် နိုင်ငံတော်သစ်တည်ဆောက်ရေးအတွက် အသက်သွေးချွေးများ စွန့်လွှတ်ခဲ့ကြသော ကယန်းအာဇာနည်များနှင့် သူရဲကောင်းများကို အလေးအနက် ဂုဏ်ပြုဦးညွှတ်ရသော နေ့ထူးနေ့မြတ်ဖြစ်ပါသည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) အနေဖြင့် ကမ္ဘာတစ်ဝန်းရှိ ကယန်းအမျိုးသားတစ်ရပ်လုံး၏ စစ်မှန်သော လွတ်မြောက်ရေး ရည်မှန်းချက်များ အောင်မြင်စွာ အကောင်အထည်ဖော်နိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းပေးအပ်ပါသည်။
ကယန်းလူမျိုးတို့၏ ခိုင်မာသော သမိုင်းအစဉ်အလာသည် လက်ရှိ အမှောင်ခေတ်ကို ဖြတ်ကျော်ကာ အလင်းရောင်ဆီသို့ ချီတက်ရာတွင် တွန်းအားတစ်ခု ဖြစ်ပါသည်။ ကျွန်ုပ်တို့အားလုံးသည် စစ်အာဏာရှင်၏ ဖိနှိပ်မှုမှ အပြီးတိုင် ရုန်းထွက်ပြီး တရားမျှတမှု၊ တန်းတူအခွင့်အရေးနှင့် လူ့အခွင့်အရေးကို အခြေခံသော စစ်မှန်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုစနစ်ကို ထူထောင်ရန် နိုင်ငံရေးတာဝန်၊ သမိုင်းပေးတာဝန်ရှိနေပါသည်။ ဤမဟာတာဝန်ကို ကျေပွန်စွာ ထမ်းဆောင်နိုင်ရန်အတွက် အမျိုးသားရေး စည်းလုံးညီညွတ်မှုကို အမြင့်ဆုံး အဆင့်သို့ မြှင့်တင်ရန် အထူးလိုအပ်ပါသည်။
သို့ပါ၍ ဤ (၂၆) ကြိမ်မြောက် ကယန်းအမျိုးသားနေ့ကို ရည်ညွှန်းပြီး၊ ကယန်းအမျိုးသားများအနေဖြင့် တော်လှန်ရေးကာလအတွင်း ကျရာကဏ္ဍမှ စွမ်းစွမ်းတမံ ပါဝင်ကြသည်ကို ဂုဏ်ယူ ဝမ်းမြောက်မိပါကြောင်းနှင့် ကရင်နီပြည် လွတ်မြောက်ရေးနှင့် တနိုင်ငံလုံးလွတ်မြောက်ရေးတို့တွင် အတူလက်တွဲဆောင်ရွက်ခြင်းအားဖြင့် ကျွန်ုပ်တို့၏ အနာဂတ် ပြည်ထောင်စုသည် ခိုင်မာသော ညီညွတ်ခြင်းအင်အားဖြင့်သာ ပေါ်ထွန်းလာမည်ဖြစ်ပါကြောင်း အားပေး တိုက်တွန်းရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)