ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကြေညာချက်အမှတ် ၄/၂၀၂၄
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ ၁၈ ရက်
တောင်တရုတ်ပင်လယ်တွင် ဖြစ်ပေါ်ခဲ့သည့် ယာဂီ (YAGI TAIPHOON) မုန်တိုင်းဒဏ်ကြောင့် ကရင်နီပြည်အတွင်းရှိ နေရာဒေသအများစုတွင် မြေပြိုခြင်း၊ ရေကြီးရေလျှံခြင်းတို့ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး လူသေဆုံးမှုများ၊ ထိခိုက်ဒဏ်ရာရမှုများနှင့် အိုးအိမ်ပျက်စီးဆုံးရှုံးမှုများ ရှိခဲ့ပါသည်။
ယခုအခါတွင် (YAGI TAIPHOON) မုန်တိုင်း ပြယ်ပျောက်သွားသော်လည်း (GENER) ဟူသည့် မုန်တိုင်းတစ်ခု ထပ်မံဖြစ်ပေါ်လျက်ရှိပါသည်။ မိုးလေဝသပညာရှင်များ၏ ကြိုတင်ခန့်မှန်းချက်များအရ အဆိုပါ (GENER) မုန်တိုင်းသည် ယခင် (YAGI) မုန်တိုင်းကဲ့သို့ အားမကောင်းသော်လည်း အပူပိုင်းဆိုင်ကလုန်းမုန်တိုင်းအဖြစ် ပြောင်းလဲနိုင်ခြေရှိသည့်အတွက် ဘေးအန္တရာယ်ရှိနိုင်ကြောင်း ထပ်မံသိရှိရပါသည်။
ယခုရက်ပိုင်းတွင် (YAGI) မုန်တိုင်းအရှိန် လျော့နည်းလာမှုကြောင့် နေရာဒေသအချို့တို့တွင် ရေကျလာသော်ငြားလည်း နုန်းမြေများနှင့် ရွှံ့နွံများ တင်ကျန်ခဲ့ခြင်းအပါအဝင် အခြားသော မမျှော်မှန်းနိုင်သည့် ဆက်စပ်ဘေးအန္တရာယ်များ ဆက်လက်ဖြစ်ပွားနေနိုင်သည့်အတွက် မိဘပြည်သူများအနေဖြင့် အောက်ဖော်ပြပါ သတိပေးချက်များကို အလေးအနက်ထားကာ လိုက်နာဆောင်ရွက်ပေးကြပါရန် အသိပေးနှိုးဆော်အပ်ပါသည် –
၁။ ရေကျသွားသော်လည်း အချို့နေရာဒေသများတွင် မမျှော်မှန်းနိုင်သော ဘေးအန္တရာယ်များ ရှိနေနိုင်သည့်အတွက် ဘေးရန်ကင်းရှင်းသည့် အခြေအနေတစ်ခုသို့ မရောက်မချင်း ရေကျသွားသည့် မူလနေရာများ၌ ပြန်လည်နေထိုင်ခြင်းနှင့် လှုပ်ရှားသွားလာခြင်းများ မပြုလုပ်ကြရန်၊
၂။ ဒေသတွင်း မိုးလေဝသသတင်းနှင့် ဒေသအလိုက် သက်ဆိုင်ရာ ညွှန်ကြားချက်များကို စဉ်ဆက်မပြတ် နားစွင့်၍ သတိရှိရှိ နေထိုင်ကြရန်၊
၃။ အရေးပေါ် အခြေအနေ တစ်ခုခုတွင် အကူအညီတောင်းခံရန် လိုအပ်လာပါက ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ ပြည်ထဲရေးဌာန၊ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဌာနတို့ အပါအဝင် သက်ဆိုင်ရာ မြို့နယ် ကြားကာလ အုပ်ချုပ်ရေးကောင်စီများနှင့် ပူးပေါင်းအုပ်ချုပ်ရေးကော်မတီများ၏ ဆက်သွယ်ရန်လိပ်စာများ၊ ဖုန်းနံပါတ်များသို့ ချက်ချင်း ဆက်သွယ်ပူးပေါင်း၍ အကူအညီများ ရယူကြရန်။
ဆက်သွယ်ရန်:
-
ပြည်ထဲရေးဌာန – Telegram/Signal: +66951901790
-
လူသားချင်းစာနာထောက်ထားရေးနှင့်ပြန်လည်ထူထောင်ရေးဌာန – Telegram/Signal: +66955751317
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ