ကရင်နီပြည်နယ်အတွင်း ၂၀၂၃ ခုနှစ် နိုဝင်ဘာလ (၁၁) ရက်နေ့၊ နံနက် (၅) နာရီအချိန်မှ စတင် ဖြစ်ပွားခဲ့သည့် တိုက်ပွဲသည် စစ်ရေးအရှိန်မြင့်တက်လာလျှက်ရှိပြီး အာဏာသိမ်းစစ်ကောင်စီမှ လက်နက်ကြီးများ၊ လက်နက်ငယ်များနှင့် တိုက်လေယာဉ်များဖြင့် အရပ်သားပြည်သူများ နေထိုင်ရာ ရပ်ကွက်၊ ကျေးရွာနှင့် စစ်ဘေးရှောင် စခန်းများအတွင်း ဦးတည်ပစ်မှတ်ထား တိုက်ခိုက်ခြင်း၊ ဗုံးကြဲခြင်းများ ပြုလုပ်လျှက်ရှိသည်။ ကရင်နီပြည်သူ လူထုများအနေဖြင့် မိမိတို့၏ လုံခြုံရေးအတွက် အောက်ပါအချက်များကို အလေးထားလိုက်နာ ဆောင်ရွက်ပေးပါရန် ပန်ကြားလိုပါသည်။
လက်နက်ကြီး၊ လက်နက်ငယ်နှင့် လေကြောင်းတိုက်ခိုက်မှု အန္တရာယ်များမှ ကာကွယ်ရန်အတွက်
၁။ မိမိတို့၏ နေအိမ်များတွင် မြေညီထပ် (သို့မဟုတ်) ဗုံးခိုကျင်း (သို့မဟုတ်) အုတ်နံရံအကာအကွယ်ရှိသည့် နေရာတွင် လုံခြုံရေး အသိသတိဖြင့် နေထိုင်ရန်။
၂။ စိတ်ချရသော သတင်းထုတ်ပြန်ချက်များမရမချင်း နေအိမ်ပြင်ပသို့ ထွက်ခွာ၊ သွားလာခြင်းမပြုလုပ်ရန်။
၃။ သက်ဆိုင်ရာ အဖွဲ့အစည်းများ၏ အရေးပေါ်ထုတ်ပြန်ချက်နှင့် သတိပေးချက်များ၊ မှန်ကန်သော သတင်း များကို မပြတ်နားစွင့်ပြီး အထူးဂရုပြုလိုက်နာဆောင်ရွက်ရန်။
၄။ မတော်တဆထိခိုက်ဒဏ်ရာ ရရှိပါက အကူအညီတောင်းခံရမည့် ဖုန်းနံပါတ်များကို မှတ်သားထားရန်။
၅။ မိမိတို့နေထိုင်ရာနှင့် နီးစပ်သော ကျေးရွာ၊ ရပ်ကွက်များအတွင်း ဒဏ်ရာရရှိသူများကို တွေ့ရှိ၊ သိရှိပါက ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ လူသားချင်းစာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင် ရေးဌာန (သို့မဟုတ်) လူသားချင်းစာနာမှုဖြင့် အရေးပေါ် ကယ်ဆယ်ရေး လုပ်ဆောင်နေသည့် အသင်းအဖွဲ့ များသို့ ချက်ချင်း အသိပေး အကြောင်းကြားကြပါရန် အထူးတိုက်တွန်းနိုးဆော်လိုက်ပါသည်။
ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီ (KSCC) | ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)