ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ
ညွှန်ကြားချက်အမှတ် ၊ (၀၈/၂၀၂၄)
၂၀၂၄ ခုနှစ် ၊ ဧပြီလ (၁၆) ရက်
မီဒီယာကျင့်ဝတ်ဆိုင်ရာညွှန်ကြားချက်
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ ကရင်နီပြည်သို့ ရောက်ရှိလာကြသော ပြည်တွင်းပြည်ပ သတင်းမီဒီယာများအပါအဝင် အလွတ်တန်းသတင်းထောက်များအတွက် မီဒီယာနှင့် စပ်ဆိုင်သော ကျင့်ဝတ်များနှင့် စပ်လျဥ်း၍ အောက်ပါအတိုင်း လိုက်နာဆောင်ရွက်ရမည်-
- ကရင်နီပြည်အတွင်းသို့ သတင်းရယူရန် ရောက်ရှိလာကြသည့် မည်သည့်သတင်းမီဒီယာဌာနမဆို သက်ဆိုင်ရာသတင်းဌာန၏ ထောက်ခံစာနှင့်အတူ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ သို့ အသိပေးအကြောင်းကြားရန်၊
- နေထိုင်ခွင့်နှင့်ပတ်သက်၍ သက်ဆိုင်ရာ ကျေးရွာ/ရပ်ကွက်၊ ကျေးရွာအုပ်စုနှင့် မြို့နယ် အုပ်ချုပ်ရေးများသို့ အသိပေးအကြောင်းကြားရန်၊
- မီဒီယာလုံခြုံရေးအတွက် သတင်းသွားရောက်ရယူလိုသည့်နေရာကို သက်ဆိုင်ရာ တပ်မှူးတပ်ဖွဲ့များ၏ ခွင့်ပြုချက်ဖြင့် သွားလာရန်၊
- မြေပြင်သို့ သတင်းသွားရောက်ရယူသည့်အချိန်တွင် သက်ဆိုင်ရာ သတင်းမီဒီယာများ၏ ယူနီဖောင်းကို ဝတ်ဆင်ရန်နှင့် ဝန်ထမ်းကတ်ပြသ၍ သတင်းရယူခွင့်တောင်းခံရမည်။
- ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီသည် သတင်းမီဒီယာကို ထိန်းချုပ်မည် မဟုတ်ကြောင်း နှင့် မည်သည့်သတင်းဌာနမဆို လွတ်လွတ်လပ်လပ် သတင်းရယူခွင့်ရှိသည်။ သို့သော် ကရင်နီပြည်၏ စစ်ဆင်ရေးကိစ္စနှင့် အုပ်ချုပ်ရေးကိစ္စကို ထိခိုက်စေသည့်လုပ်ရပ်နှင့် တော်လှန်ရေးကာလတွင် တရားမဝင် အာဏာသိမ်းစစ်ကောင်စီကို အားပေးအားမြှောက် ဖြစ်စေသည့် လုပ်ရပ်များကို တားမြစ်သည်။
- တော်လှန်ရေးနယ်မြေ ဖြစ်သည့်အလျောက် မီဒီယာကျင့်ဝတ်ထက် ကျော်လွန်သည့် လုပ်ဆောင်ချက်များရှိခဲ့သော် သက်ဆိုင်ရာ သတင်းမီဒီယာဌာနတို့သည် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ ခေါ်ယူပြီး စေ့စပ်ညှိနှိုင်းမှုတစ်ရပ်ကို ခံယူရမည်ဖြစ်သည်။
- ကရင်နီပြည်အတွင်းရှိ လူမျိုးစု၊ မျိုးနွယ်စုများ၏ ယဥ်ကျေးမှု ဓလေ့ထုံးတမ်းများကို လေးစားလိုက်နာရန်၊
- ကရင်နီပြည်အတွင်းသို့ ရောက်ရှိလာကြသော ပြည်တွင်းပြည်ပမှ သတင်းထောက်များအပါအဝင် အလွတ်တန်းသတင်းထောက်များသည် ဤမီဒီယာကျင့်ဝတ်ဆိုင်ရာ ညွှန်ကြားချက်များကို လေးစားလိုက်နာခြင်း မရှိပါက သတင်းရယူခွင့်ကို ပိတ်ပင်တားမြစ်သွားမည် ဖြစ်ကြောင်း ထုတ်ပြန် လိုက်သည်။
ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကရင်နီပြည်