ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ
အသိပေးပန်ကြားချက်အမှတ်၊ ( ၀၂/၂၀၂၄)
၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်
မြေမြှုပ်မိုင်းအန္တရာယ်နှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးပန်ကြားချက်
တရားမဝင် အာဏာသိမ်းစစ်တပ်၏ အာဏာသိမ်းမှု အကျိုးဆက်များအနက် တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကရင်နီပြည် အတွင်း တော်လှန်ရေးတပ်ပေါင်းစုံနှင့် လက်တွဲ၍ ပြည်သူများ နေထိုင်သည့် ရပ်ကွက်/ကျေးရွာများ အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးကို ကြိုးစားဆောင်ရွက်နေပါသည်။ ထို့အပြင် ပြည်သူများ ထိခိုက်မှု လျော့ကျစေရန် အင်အားစုအသီးသီးနှင့် ပူးပေါင်း၍ မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လေကြောင်းရန် အန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။
မည်သို့ပင်ဆိုစေကာမူ ကရင်နီပြည်အတွင်း ရပ်ကွက်/ကျေးရွာအများစု၌ မြေမြှုပ်မိုင်းများ အပါအဝင် အခြားမပေါက်ကွဲသေးသော ကြွင်းကျန် စစ်သုံးပစ္စည်းများ အန္တရာယ်မှာ ကြီးမားနေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ မိဘပြည်သူများအနေဖြင့် အောက်ပါ လမ်းညွှန်သတိပေးချက်များကို အတိအကျ လိုက်နာရန် အသိပေးပန်ကြားပါသည် –
- သက်ဆိုင်ရာ မြို့နယ်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ နှင့် တော်လှန်ရေး တပ်ပေါင်းစုံမှ တာဝန်ရှိသူများ၏ အတည်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ ရပ်ကွက်/ကျေးရွာများတွင် ပြန်လည် နေထိုင်ခြင်း မပြုကြရန်၊
- ပြန်လည်အခြေချ နေထိုင်ခွင့်ရှိသည့် အချို့သော ရပ်ကွက်/ကျေးရွာများတွင် သတ်မှတ် ထားသည့် နေရာ၌သာ နေထိုင်သွားလာရန်နှင့် ကန့်သတ်ထားသည့် နေရာများသို့ သွားလာခြင်း လုံးဝမပြုလုပ်ရန်၊
- မိမိတို့ ပတ်ဝန်းကျင်၌ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက် ပစ္စည်းများ တွေ့ရှိပါက ကိုင်တွယ်ထိတွေ့ခြင်း (သို့မဟုတ်) တူးဖော် ထုနှက်ခြင်း၊ နေရာရွေ့ခြင်းနှင့် ယူငင်သိမ်းဆည်းထားခြင်း လုံးဝ မပြုလုပ်ကြရန်၊
- မိမိတို့ ပတ်ဝန်းကျင်၌ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်ပစ္စည်းများ တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်ရာ တော်လှန်ရေး တပ်ပေါင်းစုံမှ တာဝန်ရှိသူများကို ချက်ခြင်း အကြောင်းကြားရန်၊
- သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် တော်လှန်ရေးတပ်ပေါင်းစုံမှ တာဝန်ရှိသူများ၏ လိုအပ်ချက်အရ ထုတ်ပြန်သည့် မြေမြှုပ်မိုင်းအန္တရာယ်ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များကို လေးစားလိုက်နာရန်။
အထက်ပါ လမ်းညွှန်သတိပေးချက်များကို သတိပြု လေးစားလိုက်နာ၍ အပြန်အလှန် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေမြှုပ်မိုင်းအန္တရာယ်ကို လျော့ချကာကွယ်ကြရန် တိုက်တွန်းနှိုးဆော်အပ် ပါသည်။
ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကရင်နီပြည်