ဘက်ပြောင်းရေး အစီအမံ
နိဒါန်း
မြန်မာနိုင်ငံအနှံ့ရှိ စစ်အာဏာရှင် တော်လှန်ရေး လက်နက်ကိုင် အဖွဲ့အစည်းများနှင့် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) တို့သည် မတရား အာဏာသိမ်းယူသည့် စစ်ကောင်စီတပ်နှင့် ရဲများကို တိုက်ခိုက်ချေမှုန်းလျက်ရှိပါသည်။ ထိုအတူ ရဲနှင့် စစ်ကောင်စီတပ်များကိုလည်း ပြည်သူနှင့် ပြည်သူ့အစိုးရဘက်သို့ ဘက်ပြောင်းနိုင်ရေးကို ဆက်လက် ဖိတ်ခေါ်လျှက်ရှိသည်။ အထူးသဖြင့် ကရင်နီပြည်နယ် နေရာအနှံ့တွင် အာဏာသိမ်းစစ်ကောင်စီနှင့် မိမိတို့ ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံများအကြား တိုက်ပွဲပြင်းထန်နေပါသည်။ မိမိတို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC) နှင့် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံများသည်လည်း လက်ရှိစစ်ဆင်ရေးကို အပြီးသပ် တိုက်ပွဲအဖြစ် ဖော်ဆောင်ရန် ဆုံးဖြတ်ထားပြီးဖြစ်သည်။ သို့ဖြစ်ပါ၍ အာဏာသိမ်း စစ်ကောင်စီတပ်များအနေဖြင့် အာဏာရှင်စနစ်ကို အသက်ပေးကာကွယ်မည့်အစား ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)နှင့် ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံများ၏ ဖိတ်ခေါ်သည့် ဘက်ပြောင်းရေးအစီအစဉ်တွင် ပါဝင်ပေးပါရန် ထပ်လောင်း ဖိတ်ခေါ်အပ်ပါသည်။
ရည်ရွယ်ချက်နှင့် အဓိပ္ပာယ်ဖွင့်ဆိုချက်
ဘက်ပြောင်းခြင်းဆိုသည်မှာ တပ်မတော်သားများမှ အာဏာသိမ်းစစ်ခေါင်းဆောင်၏ အမိန့်နာခံ နေခြင်းမှ ပြည်သူ့အစိုးရ၏ အုပ်ချုပ်မှုအောက်သို့ နည်းမျိုးစုံဖြင့် ဘက်ပြောင်းပါဝင်ခြင်းကို ဆိုလိုသည်။ သို့ဖြစ်၍ တပ်မတော်သားများက ပြည်သူ့အစိုးရထံသို့ ဘက်ပြောင်းခြင်းသည် တပ်မတော်သားများ၏ ဂုဏ်သိက္ခာ၊ ရာထူး ထိခိုက်မှု နည်းစေရန်နှင့် သွေးစွန်းမှုမရှိစေဘဲ တပ်နှင့် ပြည်သူများသည် တိုင်းပြည် ပြန်လည် တည်ငြိမ်အေးချမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးတို့အတွက် ပူးပေါင်းဆောင်ရွက်ကြရန် ဖြစ်သည်။
ဘက်ပြောင်းရေး အစီအစဉ်
၁။ ကရင်နီပြည်နယ်အတွင်းတွင် တပ်စွဲတိုက်ပွဲဝင်နေသည့် မည်သည့်တပ်မဆို ပြည်တွင်းနှင့် နိုင်ငံတကာ စစ်သုံ့ပန်းဥပဒေများကို လိုက်နာရမည်။ အခြေခံအားဖြင့် အရပ်သား ပြည်သူများအား ပစ်မှတ်မထားရန်၊ စစ်သုံ့ပန်းများကို အသက်ရှင်ခွင့်ပေးရန်နှင့် တားမြစ်စစ်လက်နက်များ အသုံးမပြုရန် တို့ဖြစ်သည်။ ဘက်ပြောင်းရေးအစီအစဉ်တွင် ပါဝင်သူ မည်သူမဆို ယခု စစ်ဥပဒေ များကို လေးစားလိုက်နာသူများ ဖြစ်ရမည်။
၂။ အာဏာသိမ်းယူသည့် န.စ.က ခေါင်းဆောင်များ၏ မတရားအမိန့်ကို လွန်ဆန်၍ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအပြင် ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံများနှင့် ဘက်ပြောင်း ပူးပေါင်းရမည်။ သို့ကဲ့သို့ အောင်မြင်စွာ ဘက်ပြောင်းနိုင်ရန်အတွက် –
(က) ယခုအစီအမံကို သိရှိပြီး ပူးတွဲပါ ဆက်သွယ်ရေးများမှတစ်ဆင့် ဆက်သွယ် သတင်းပို့ ရမည်။
(ခ) ထိုကဲ့သို့ ဆက်သွယ်အကြောင်းကြားပြီးပါက ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ (IEC)၊ “ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီ” ၏ ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရမည်။
(ဂ) “ဘက်ပြောင်းရေးအစီအမံ စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီ” နှင့် ဘက်ပြောင်းသည့် တပ်မတော်သားတို့ နှစ်ဦးနှစ်ဖက် ဆွေးနွေးညှိနှိုင်း သဘောတူညီချက်များအတိုင်း ပြည်သူ့ကိုယ်စားပြု အုပ်ချုပ်ရေးကောင်စီဖြစ်သည့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ထံသို့ လက်နက်များအပ်နှင်း၍ တပ်မတော်သားများသည် လုံခြုံသော နေရာတွင် နေရမည်။
(ဃ) ဘက်ပြောင်းသည့် တပ်မတော်သားများ၏ ရာထူး၊ ဂုဏ်သိက္ခာနှင့် လုံခြုံရေးကို ယခု ဘက်ပြောင်းရေး အစီအမံတွင် အာမခံ ပေးသွားမည်။
(င) ယခုကဲ့သို ဘက်ပြောင်းသည့် တပ်များသည် အနာဂတ်တွင် နိုင်ငံ့ကာကွယ်ရေး တာဝန် များကို ပြန်လည်ထမ်းဆောင်လိုပါက ထမ်းဆောင်ခွင့်ရှိစေရန် ယခုအစီအမံတွင် အာမခံ ပေးသွားမည်။
၃။ တပ်မတော်သားများအနေဖြင့် တပ်များကို စွန့်ခွာပြီး ပြည်သူနှင့်ပူးပေါင်းသည့် CDM ပြုလုပ်ခြင်းကို ဆက်လက် လက်ခံနေပါသည်။ တပ်မတော်သား CDMers များအား ဆုကြေးနှင့် ပံ့ပိုးမှုများအပြင် CDM အစီအမံအတိုင်း ဆက်လက်အာမခံ ပြုလုပ်သွားမည်။
၄။ ရှေ့တန်းတွင် ရောက်ရှိနေသည့် မည်သည့်တပ်ဖွဲ့ဝင်များမဆို အလျင်အမြန် လက်နက်ချအညံ့ခံပါက နိုင်ငံတကာဥပဒေ (International Humanitarian Law – IHL) အရ အသက်ရှင်ခွင့်၊ မိသားစုများနှင့် ဆက်သွယ်ခွင့်အပြင် အနိမ့်ဆုံး ပြစ်ဒဏ်ခံယူပြီးပါက လွတ်လပ်စွာ လူမှုဘဝ ထူထောင်ခွင့် ရှိစေရမည်။
၅။ တပ်မတော်သားများနှင့် မည်သူမဆို အကြောင်းအမျိုးမျိုးကြောင့် မိမိတို့ ကရင်နီပြည်ရှိ တပ်ဖွဲ့များ၏ ဖမ်းဆီးချုပ်နှောင်ခြင်း ခံရပါက ကရင်နီအက်ဥပဒေအရ အသက်ရှင်ခွင့် တောင်းခံ နိုင်သည်။
၆။ ယခု ဘက်ပြောင်းရေး အစီအစဉ်အား ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် ကရင်နီပြည် တော်လှန်ရေးတပ်ပေါင်းစုံများက ပူးပေါင်းအကောင်အထည်ဖော်မည်ဖြစ်ပြီး NUG, NUCC နှင့် ဥပဒေကြောင်းအရ ညှိနှိုင်းရန်လိုအပ်သည့် မည်သည့်အဖွဲ့အစည်းနှင့်မဆို ပူးပေါင်း ဆောင်ရွက်မည်။
၇။ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) သည် အောက်ပါပုဂ္ဂိုလ်များဖြင့် “ဘက်ပြောင်းရေး အစီအမံ စီမံကြီးကြပ်ရေးလုပ်ငန်းကော်မတီ” ကို ဖွဲ့စည်း တာဝန်ပေးအပ် လိုက်သည်-
(၁) ခွန်းဘီထူး ဒု-ဥက္ကဋ္ဌ၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)၊ တာဝန်ခံ
(၂) ဇူးပဒုမ္မာ အတွင်းရေးမှူး (၁) ၊ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ IEC) ဒုတိယ တာဝန်ခံ
(၃) ဦးနေမျိုးဇင် တပ်မတော် အရာရှိဟောင်း ညွှန်ကြားရေးမှူး
(၄) ခွန်းအသန်း KNDF – နိုင်ငံရေးမှူး ဒုတိယ ညွှန်ကြားရေးမှူး
(၅) ခူးပိုးရယ် ဥပဒေပညာရှင် အဖွဲ့ဝင်
၈။ ယခု ဘက်ပြောင်းရေးအစီအမံနှင့် လုပ်ငန်းကော်မတီ၏ သက်တမ်းသည် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC) ၏ ဆုံးဖြတ်ချက်အတိုင်း ဖြစ်သည်။ ယခုအစီအမံနှင့် အကျုံးဝင်ခြင်း မရှိသော မည်သည့် စစ်ကောင်စီ တပ်သားကိုမဆို အာဏာရှင်တော်လှန်ရေး အစီအမံအတိုင်း ဆက်လက် အရေးယူ ဆောင်ရွက်သွားမည်။
၉။ ဤဘက်ပြောင်းရေးအစီအမံနှင့်“ဘက်ပြောင်းရေးအစီအမံ ကြီးကြပ်ရေးလုပ်ငန်းကော်မတီ” ကို ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)၊ နည်းဥပဒေ ပုဒ်မ ၁၆၊ ပုဒ်မခွဲ (ဂ)၊ ပုဒ်မခွဲငယ် (၁) ပါ လုပ်ပိုင်ခွင့်အရ အတည်ပြုလိုက်သည်။
ခူဦးရယ်
ဥက္ကဋ္ဌ
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
PDF ဖြင့်ဒေါင်းလုဒ်ရယူရန် –
⬇️ ဒေါင်းလုဒ်ရယူရန်