An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် သတင်းစကား

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ အမျိုးသမီးနှင့်ကလေးသူငယ်ရေးရာဌာန၏ အပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့ အထိမ်းအမှတ် သတင်းစကား

၁။ ၂၀၂၅ခုနှစ်၊ မတ်လ (၈) ရက်နေ့၌ ကျရောက်သည့် အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့တွင် အမျိုးသမီးအရေး၊ ဂျဲန်ဒါတန်းတူညီမျှရေးနှင့် စစ်အာဏာရှင်စနစ် ချုပ်ငြိမ်းရေးအတွက် ကဏ္ဍပေါင်းစုံမှ မဆုတ်မနစ်ပါဝင်လုပ်ဆောင်နေကြသော ကရင်နီ ပြည်မှ အမျိုးသမီးအဖွဲ့အစည်းများအပြင် လူပုဂ္ဂိုလ်တစ်ဦးချင်းစီအားလုံးကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာန အနေဖြင့် မှတ်တမ်းတင် ဂုဏ်ပြုအပ်ပါသည်။ ကရင်နီပြည်ရှိ အမျိုးသမီးများ၏ သတ္တိကြံ့ခိုင်မှု၊ စိတ်ရှည်သည်းခံမှုဖြင့် လွတ်လပ်ရေးကြိုးပမ်းမှု၊ တရားမျှတမှုနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့တွင် ခေတ်အဆက်ဆက်တွင် သာမက လက်ရှိ နွေဦးတော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သူများဖြစ်သည်။ ထို့အပြင် စိန်ခေါ်မှုနှင့် အခက်အခဲများစွာကြားမှ တရားမျှတမှုနှင့် ဂျဲန်ဒါတန်းတူညီမျှရေးတို့အတွက် ရဲရင့်စွာ ရပ်တည်နေကြသူများဖြစ်ကြောင်းကိုလည်း အထူးအသိအမှတ်ပြုပါသည်။

၂။ မြန်မာ့နွေဦးတော်လှန်ရေး၏ ရည်မှန်းချက်ပန်းတိုင်ဖြစ်သည့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုအား အကောင်အထည်ဖော်တည်ဆောက်ရာတွင် အမျိုးသမီးများသည် စစ်ရေး၊ နိုင်ငံရေး၊ ပညာရေး၊ ကျန်းမာရေး၊ စီးပွားရေးနှင့် လူမှုရေး အစရှိသည့်ကဏ္ဍ အသီးသီးမှ ပါဝင်ဆောင်ရွက်လျှက်ရှိသည်။ ပဋိပက္ခဖြစ်ပွားသည့် နယ်မြေများတွင် မိသားစု ရှင်သန်ရပ်တည်ရေးအတွက်သာမက နိုင်ငံတကာစင်မြင့်တွင် စည်းရုံးရေးအတွက် ချိတ်ဆက်ရုန်းကန်နေကြရသော အမျိုးသမီးများသည် မြန်မာ့ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို အုတ်မြစ်ချခိုင်မာစေသူများဖြစ်သည်။ ကရင်နီပြည်အတွင်း၌ ပြင်းထန်လာသော စစ်ရေးပဋိပက္ခဖြစ်စဥ်များ၏ နောက်ဆက်တွဲပြဿနာဖြစ်သည့် လူမှုစီးပွားရေးအခက်အခဲနှင့်၊ လုံခြုံရေးဆိုင်ရာစိန်ခေါ်မှုတွင်လည်း အမျိုးသမီးများ မြေစာပင်ဖြစ်နေရသည်ကို မြင်တွေ့နိုင်သကဲ့သို့၊ လစ်လပ်နေသော ရပ်ရွာစီမံခန့်ခွဲရေး လုပ်ငန်းများ၊ စစ်ရှောင်စခန်းအတွင်း စီမံခန့်ခွဲရေး လုပ်ငန်းများတွင်လည်း အမျိုးသမီးများ ပါဝင်ဦးဆောင်နေကြသည်ကို မမေ့လျော့အပ်ပေ။

၃။ ဤအပြည်ပြည်ဆိုင်ရာအမျိုးသမီးများနေ့အခမ်းအနားတွင် လူမှုဖွံ့ဖြိုးမှုနှင့် တန်းတူညီမျှမှုရှိသော လူမှုပတ်ဝန်းကျင်အတွက် နည်းလမ်းပေါင်းမျိုးစုံဖြင့် ပါဝင်ခဲ့ကြသော အမျိုးသမီးများနှင့် ယင်းတို့၏အားစိုက်ထုတ်မှုကို အထူးလေးစားဂုဏ်ပြုသကဲ့သို့ ယင်းတို့၏ ဦးဆောင်မှုကို ဂုဏ်သိက္ခာကြီးမားသော သမိုင်းမှတ်တမ်းအနေဖြင့် အသိအမှတ် ပြုရန်လည်းတိုက်တွန်းနှိုးဆော်ပါသည်။ တစ်ဆက်တည်းတွင်လည်း ကဏ္ဍအသီးသီးတွင် အမျိုးသမီးများပါဝင်မှုကို တိုးမြှင့်ရန်၊ အမျိုးသမီးအခွင့်အရေးနှင့် ဂျဲန်ဒါတန်းတူညီမျှရေးကို ဆက်လက်မြှင့်တင်ရန် အားလုံးတွင်တာဝန်ရှိကြောင်းနှင့် ထိုသို့လုပ်ဆောင်နိုင်ရန်လည်း ယာယီအထူးပြုလုပ်ဆောင်ချက်များကို သက်ဆိုင်ရာ အုပ်ချုပ်ရေးကောင်စီများ၊ အဖွဲ့အစည်းများမှ အလေးပေးအကောင်အထည်ဖော် ဆောင်ရွက်ရန်လည်း တိုက်တွန်းပါ သည်။

၄။ ယနေ့ကျရောက်သော အပြည်ပြည်ဆိုင်ရာ အမျိုးသမီးများနေ့မှစ၍ အနာဂတ်တွင် ကရင်နီအမျိုးသမီးများအနေဖြင့် ခွဲခြားဆက်ဆံမှုနှင့် ဖိနှိပ်မှုကင်းဝေးသော လူမှုပတ်ဝန်းကျင်တွင် ရှင်သန်နိုင်ကြပါစေကြောင်းလည်း ဆန္ဒပြုပါသည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ အမျိုးသမီးနှင့် ကလေးသူငယ်ရေးရာဌာနအနေဖြင့် အနာဂတ်တွင် အမျိုးသမီးများ၏ လိုအပ်ချက်များ၊ အသံများ၊ အခွင့်အရေးများနှင့် စွမ်းဆောင်ရည်များကို မျက်ကွယ်မထားဘဲ အမျိုးသမီးများ၏ လိုအပ်ချက်များနှင့် ဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များကို သက်ဆိုင်ရာအဖွဲ့အစည်း၊ လူပုဂ္ဂိုလ်များနှင့် ပေါင်းစည်းလက်တွဲ၍ ကြိုးပမ်းဆောင်ရွက်သွားပါမည်။ ခွဲခြားဆက်ဆံမှုနှင့် ညီမျှမှုမရှိသော စနစ်များအားလုံးကိုလျှော့ချပြီး အမျိုးသမီးထုတစ်ရပ်လုံးကို အကာအကွယ်ပေးနိုင်မည့် မူဝါဒနှင့် အစီအမံများကို ဆက်လက်အကောင်အထည်ဖော် ဆောင်ရွက်မည့်အပြင် အားလုံးပါဝင်ပြီး သာတူညီမျှမှုရှိသည့် လူမှုအဖွဲ့အစည်း ဖြစ်လာနိုင်ရန်လည်း ဆက်လက် ကြိုးပမ်းသွားပါမည်ဟု ကတိကဝတ် ပြုပါသည်။