ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ သတင်းထုတ်ပြန်ချက် (၄/၂၀၂၃)
(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၉ ရက်)
လွိုင်ကော်တက္ကသိုလ်မှ ကယ်တင်ခေါ်ထုတ်လာခဲ့သည့် Non-CDM ဝန်ထမ်းနှင့် ယင်းတို့၏ မိသားစုဝင်များကို “ Non-CDM ဆိုင်ရာ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်းကာ စုံစမ်းစစ်ဆေးမှုများ ဖြင့် စိစစ်ဆောင်ရွက်ပြီး ဖြစ်ကြောင်း အသိပေးထုတ်ပြန်အပ်ပါသည်။
၁။ အထူးစုံစမ်းစစ်ဆေးရေးအဖွဲ့၏ စစ်ဆေးတွေ့ရှိချက်အရ အကြမ်းဖက်စစ်ကောင်စီနှင့် ပတ်သက်ဆက်နွယ်မှု မရှိသော Non-CDM များကို ပထမအကြိမ် အမှုထမ်း (၇၀) ဦးနှင့် ယင်းတို့၏ မိသားစုဝင် (၃၇) ဦး၊ ဒုတိယအကြိမ် အရာထမ်း (၅၉) ဦးနှင့် ယင်းတို့၏မိသားစုဝင် (၂၇) ဦး၊ စုစုပေါင်း (၁၉၃)ဦးကို “အကြမ်းဖက်စစ်ကောင်စီ၏ ယန္တရားမှန်သမျှတွင် ပါဝင်ဆောင်ရွက်ခြင်း မပြုရန်၊ ကျောင်း/ရုံးနှင့်လည်း အဆက်အသွယ် မပြုလုပ်ရန်၊ ပြည်သူ့ဆန္ဒနှင့်အညီ ပြည်သူလူထုနှင့် တစ်သားတည်း ရပ်တည်သွားရန်” စသည်တို့ ပါဝင်သော ကတိခံဝန်ချက်တွင် လက်မှတ်ရေးထိုးစေပြီး ကရင်နီပြည်နယ်ပြင်ပသို့ (၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၈ ရက်) တွင် အပြီးသတ် နယ်နှင်ဒါဏ် ပေးခဲ့ပြီး ဖြစ်သည်။
၂။ မတရားအသင်း အကြမ်းဖက်စစ်ကောင်စီနှင့် ပူးပေါင်းဆာင်ရွက်ရာတွင် အဓိက တာဝန်ရှိသူများဖြစ်သည့် လွိုင်ကော်တက္ကသိုလ် ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်အပါအဝင် ဝန်ထမ်း(၅)ဦးနှင့် ယင်းတို့၏ မိသားစုဝင်များကိုမူ ကရင်နီပြည်ရဲဌာနမှ တရားလိုအဖြစ် အမှုဖွင့်တရားစွဲကာ သက်ဆိုင်ရာ တရားရေးဌာနသို့ လွှဲပြောင်းပြီး ဥပဒေနှင့်အညီ တရားစွဲဆို အရေးယူသွားမည် ဖြစ်သည်။
၃။ အကြမ်းဖက်စစ်ကောင်စီနှင့် တိုက်ရိုက်ပတ်သက်ဆက်နွယ်နေသော တပ်မိသားစုဝင် (၃) ဦးကို စစ်ဖက်ဆိုင်ရာ အက်ဥပဒေနှင့်အညီ စုံစမ်းစစ်ဆေးရေးကိစ္စရပ်များအား ဆက်လက် ဆောင်ရွက်သွားရန် သက်ဆိုင်ရာ စစ်ခုံရုံးသို့ လွှဲပြောင်းကာ အရေးယူဆောင်ရွက်သွားမည် ဖြစ်သည်။
၄။ ယခုထက် ပိုမို၍ စစ်ရေးအရှိန် မြင့်လာဦးမည် ဖြစ်သောကြောင့် စစ်ကောင်စီ၏ လက်အောက်တွင် တာဝန်ထမ်းဆောင်နေသော တပ်မတော်သားများ၊ ရဲဝန်ထမ်းများနှင့် ဌာနဆိုင်ရာအသီးသီးရှိ ဝန်ထမ်းများအားလုံး ပြည်သူလူထုနှင့် တသားတည်းရပ်တည်ကာ တော်လှန်ရေး အင်အားစုများနှင့် အမြန်ဆုံးပူးပေါင်းကြရန် တိုက်တွန်း နှိုးဆော်လိုက်သည်။
ကြားကာလ အုပ်ချုပ်ရေးကောင်စီ
ကရင်နီပြည်