ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ
သတင်းထုတ်ပြန်ချက်အမှတ် (၃/၂၀၂၃)
(၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ ၂၄ ရက်)
လွိုင်ကော်တက္ကသိုလ်မှ Non-CDM ဝန်ထမ်း (၇ဝ) ဦးနှင့် မိသားစုဝင် (၃၇) ဦးတို့ နေရပ်ပြန်နိုင်ရန် စီစဉ်ပေးခဲ့ခြင်းကိစ္စနှင့်စပ်လျဉ်း၍ သတင်းထုတ်ပြန်ချက်
၁။ 11.11 စစ်ဆင်ရေးစတင်ချိန်တွင် ပိတ်မိနေသော လွိုင်ကော်တက္ကသိုလ်နှင့် စက်မှုလက်မှုသိပ္ပံကျောင်းမှ Non-CDM ဝန်ထမ်းများနှင့် မိသားစုဝင်စုစုပေါင်း (၂၀၄) ဦးကို ကရင်နီ တော်လှန်ရေးတပ်ပေါင်းစုများမှ ဘေးလွတ်ရာသို့ ကယ်ထုတ်ပေးခဲ့ပြီး ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီမှ ၎င်းတို့၏ စားဝတ်နေရေးနှင့် ကျန်းမာရေးကိစ္စအဝဝကို တာဝန်ယူဆောင်ရွက် ပေးခဲ့သည်။
၂။ အဆိုပါ (၂၀၄) ဦးအား “Non-CDM ဆိုင်ရာ အထူး စုံစမ်းစစ်ဆေးရေးအဖွဲ့”မှ လိုအပ်သည့် စစ်ဆေးမေးမြန်းမှုများပြုလုပ်ခဲ့ပြီး စစ်ကောင်စီနှင့် တစ်စုံတစ်ရာပတ်သက်ဆက်နွယ်ခြင်းမရှိသူများကို Non-CDM ဖြစ်ခဲ့ခြင်းအတွက် ဝန်ချတောင်းပန်ခြင်းနှင့် အာဏာသိမ်းစစ်ကောင်စီ၏ ယန္တရားမှန်သမျှတွင် ပါဝင်ဆောင်ရွက်ခြင်းပြုလုပ်မည်မဟုတ်ကြောင်း ခံဝန်ကတိကို လက်မှတ်ရေးထိုးစေခဲ့သည်။ခံဝန်ကတိလက်မှတ်ရေးထိုးပြီးသော ဝန်ထမ်း (၇၀) ဦးနှင့် မိသားစုဝင် (၃၇) ဦးအား ၂၃.၁၁.၂၀၂၃ တွင် နေရပ်ပြန်နိုင်ရန် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီနှင့် သက်ဆိုင်ရာ မိတ်ဖက် အဖွဲ့အစည်း များမှ စီစဉ်ပေးခဲ့သည်။
၃။ ကျန်ရှိနေသော ဝန်ထမ်းများနှင့် ၎င်းတို့၏ မိသားစုဝင်များအား လိုအပ်သည့် စုံစမ်းစစ်ဆေးမေးမြန်း မှုများ ပြုလုပ်ပြီးပါက နေရပ်ပြန်နိုင်ရန် ဆက်လက်ဆောင်ရွက်ပေးသွားမည်ဖြစ်သည်။
ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကရင်နီပြည်