၂၀၂၅ ခုနှစ် အောက်တိုဘာလ ၂၄ ရက်နေ့တွင် မိဖုရားကြီး သီရိခေတ် နတ်ရွာစံတော်မူသွားသည့် အတွက် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ(IEC) အနေဖြင့် ထိုင်းတော်၀င်မိသားစု၊ ထိုင်း အစိုးရနှင့် ထိုင်းနိုင်ငံ ပြည်သူပြည်သားများနှင့်အတူ အထူး ဝမ်းနည်းကြေကွဲမိပါသည်။
ထိုင်းမိဖုရား၏ ထိုင်းလူမျိုးများ လူနေမှုဘ၀ဖွံ့ဖြိုးမှုအတွက် ကြီးမားသောစေတနာနှင့် လုပ်ဆောင်ပေးခဲ့မှုများ အပြင်၊ ၀ေးလံခေါင်ဖျားသော မယ်ဟောင်ဆောင်ခရိုင်ရှိ တောင်တန်းဒေသ လူမျိုးစုများအတွက် သူမထားရှိသည့် ကြင်နာတတ်သော ဂရုဏာမေတ္တာတရားများသည် ဖွံ့ဖြိုးတိုးတက်မှုများနှင့် မျှော်လင့်ချက်များအတွက် ကျန်ရစ်ထင်ရှိစေခဲ့မည့် တန်ဖိုးမဖြတ်နိုင်သော အမွေအနှစ်များပင် ဖြစ်ပါသည်။ မိဖုရားကြီး၏ လမ်းညွှန်မှုအောက်တွင် မြောက်မြားစွာသော တော်၀င်စီမံကိန်းတို့သည် ထိုင်းနိုင်ငံတစ်ဝန်းရှိ မရေမတွက်နိုင်သော မိသားစုများအတွက် လူနေမှု အဆင့်အတန်း တိုးတက်ရေး၊ ပညာရေးနှင့် သဘာဝပတ်၀န်းကျင်ထိန်းသိမ်းမှုတို့မှတစ်ဆင့် တိုးတက် ပြောင်းလဲအောင် မြှင့်တင်မှုများ ပေးနိုင်ခဲ့ပါသည်။
ကရင်နီပြည် ပြည်သူပြည်သားများအတွက်မူ ထိုင်းနိုင်ငံနယ်စပ်တလျှောက်တွင် တည်ရှိသော လူမှုအသိုင်းအ၀ိုင်းဖြစ်သည့်အလျောက် သမိုင်းဝင်၊ ယှဉ်ကျေးမှု၊ မိသားစုနှောင်ကြိုးများ အပြန်အလှန်ချိတ်ဆက် ဆက်စပ်နေသည့်အတွက် မိဖုရားကြီး၏ မြင့်မြတ်သော စိတ်ထားစေတနာ ကောင်းများဖြင့် ဆောင်ရွက်ခဲ့မှုများသည် မိမိတို့၏ လူ့အဖွဲ့အစည်းများအတွက် လူသားအချင်းချင်း အပြန်အလှန် ဆက်သွယ်ချိတ်ဆက်မှု၊ စည်းလုံးညီညွတ်ပြီး အပြန်အလှန်လေးစားမှု၊ နားလည်မှုများကို ဖြစ်စေခဲ့သည့် သင်္ကေတပင် ဖြစ်ပါသည်။
ထို့ကြောင့် ယနေ့ကဲ့သို့ ဝမ်းနည်းရခြင်း အခိုက်အတန့်တွင် IEC အနေဖြင့် ထိုင်းနိုင်ငံ ပြည်သူပြည်သားများနှင့်ထပ်တူ မိဖုရားကြီး၏ ထူးခြားသော ဘဝတာအတွက်နှင့် ၄င်း၏ ပေးဆပ်ခဲ့မှုများအတွက် လေးမြတ်စွာဖြင့် ဂုဏ်ပြုလိုက်ပါသည်။ ယခုကဲ့သို့ ကြီးမားသည့် ဆုံးရှုံးမှု အချိန်သမယတွင် မိမိတို့၏ ရင်တွင်းမှနက်ရှိုင်းသော ခံစားမှုများဖြင့် ထိုင်းလူမျိုးများနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ဖော်ပြအပ်ပါသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)