ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
ထုတ်ပြန်ချက်အမှတ်၊ ၃/၂၀၂၄
၂၀၂၄ ခုနှစ်၊ ဇူလိုင်လ (၁၇) ရက်
ကရင်နီရိုးရာ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများ ထိန်းသိမ်းစောင့်ရှောက်ခြင်းနှင့် စပ်လျဉ်း၍ ထုတ်ပြန်ချက်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလမှ စတင်ခဲ့သည့် တစ်လေးလုံး (၁၁၁၁) စစ်ဆင်ရေးအတွင်း တရားမဝင် အာဏာသိမ်းစစ်တပ်၏ လက်နက်ကြီးများဖြင့် ပစ်ခတ်မှုများ၊ လေကြောင်းတိုက်ခိုက်မှုများနှင့် မီးရှို့ဖျက်ဆီးမှုများကြောင့် အများပြည်သူအိုးအိမ်များ၊ အများပြည်သူပိုင် အဆောက်အဦးများနှင့် ဘာသာရေးအဆောက်အဦးများ များစွာ ပျက်စီးဆုံးရှုံးခဲ့ရသည်။ ထို့အပြင် မသမာသူများ၏ ဖောက်ထွင်းခိုးယူမှုများကြောင့် အများပြည်သူပိုင်ပစ္စည်းများ ပျောက်ဆုံးပျက်စီးမှုများ ရှိခဲ့သည်။
ထိုကာလအတွင်း အထက်ဖော်ပြပါကဲ့သို့ အဆင်အခြင်မဲ့သော လုပ်ရပ်များကြောင့် လွိုင်ကော်မြို့ ယဉ်ကျေးမှုပြတိုက်အတွင်းရှိ အဖိုးမဖြတ်နိုင်သည့် ကရင်နီရိုးရာ ရှေးဟောင်းယဉ်ကျေးမှုပစ္စည်းများ ပျောက်ပျက်ဆုံးရှုံးရမည့်အရေးနှင့် ကြုံတွေ့ခဲ့ရသည်။
သို့ဖြစ်ရာ ပြတိုက်အတွင်းရှိ ရိုးရာအသုံးအဆောင်များ၊ ရိုးရာတူရိယာများ၊ ရိုးရာလက်နက် ကိရိယာများ၊ ရိုးရာအဆင်တန်ဆာပစ္စည်းများ၊ ဖားစည်များ စသည်တို့ကို မပျောက်ပျက်ရလေအောင် လုံခြုံစိတ်ချရသည့် နေရာသို့ အရေးပေါ် ရွေ့ပြောင်း ထိန်းသိမ်းစောင့်ရှောက်ခဲ့ရသည်။
သမိုင်းအစဉ်အဆက် ကရင်နီနယ်များကို အုပ်ချုပ်ခဲ့ကြသော စော်ဘွားများနှင့် ကရင်နီလူမျိုးစု၊ မျိုးနွယ်စုများ မြတ်နိုးတန်ဖိုးထားခဲ့ကြသည့် မိမိတို့၏ ဘိုးဘွားပိုင် ကရင်နီရိုးရာ ရှေးဟောင်းယဉ်ကျေးမှု ပစ္စည်းများ လက်ဆင့်ကမ်းထိန်းသိမ်းစောင့်ရှောက်ရန်မှာ ကရင်နီလူမျိုးစု၊ မျိုးနွယ်စုများနှင့် ကရင်နီပြည် ပြည်သူပြည်သားများအားလုံးတွင် အပြည့်အဝ တာဝန်ရှိကြောင်း ထုတ်ပြန်အပ်ပါသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ