An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

ကရင်နီပြည်ရဲ KSP နှစ်ပြည့်အထိမ်းအမှတ်

ကရင်နီပြည်ရဲ (KSP) တည်ထောင်ခြင်း (၃) နှစ်ပြည့် အထိမ်းအမှတ် မိန့်ခွန်း

လေးစားအပ်ပါသော ကရင်နီပြည်သူများနှင့် ကရင်နီပြည်ရဲများအားလုံးခင်ဗျာ

ယနေ့ဟာ ကရင်နီပြည်နယ်အတွက် သမိုင်းဝင်နေ့ တနေ့ဖြစ်ပါတယ်။ ဘာကြောင့်လည်းဆိုတော့ ကရင်နီပြည်သူလူထုအားလုံး၊ ကရင်နီပြည်နယ်အတွင်းရှိ အဖွဲ့အစည်းအသီးသီးက ခေါင်းဆောင်များ အားလုံး၊ ကရင်နီပြည်ရှိ ပြည်သူ့ရဲအဖြစ် ရပ်တည်တဲ့ လုံခြုံရေးဝန်ထမ်းများအားလုံးဟာ ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေးအောက်မှာ အတူရပ်တည် နေထိုင်ကြမယ်လို့ ဆုံးဖြတ်တဲ့အတွက် သမိုင်းဝင်နေ့ဖြစ်တယ်။ မြန်မာနိုင်ငံတဝန်းလုံးမှာ အာဏာရှင်စစ်တပ်ကနေ တရားဥပဒေစိုးမိုးရေးအထက်မှာ အလွှဲသုံးစားလုပ်နေချိန်၊ မြန်မာတနိုင်ငံလုံးမှာရှိတဲ့ရဲများကို စ.က.စ စစ်တပ်လက်အောက်ခံ လူမိုက်အဖြစ် သွတ်သွင်းနေချိန်၊ မြန်မာပြည်သူလူထုတရပ်လုံးက စစ်တပ်နှင့် ရဲများကို ရွံမုန်းနေချိန် ကရင်နီပြည်ရှိ ပြည်သူ့ရဲများအဖြစ် ပြတ်ပြတ်သားသား ရဲရဲဝင့်ဝင့် ရပ်တည်နေတဲ့ ကရင်နီပြည်နယ်ရဲ တည်ထောင်တဲ့နေ့ဟာ သမိုင်းဝင်နေ့ဖြစ်ပါတယ်။ ကျနော်တို့ ကရင်နီပြည်သူများ သာမက မြန်မာတနိုင်ငံလုံးရှိ ပြည်သူများဟာ တရားဥပဒေကို လေးစားလိုက်နာပြီး ပြည်သူများအတွက် အကာအကွယ်ပေးတဲ့ ပြည်သူ့ရဲများ အလွန်လိုအပ်တဲ့အချိန် အခုလို ကရင်နီပြည်နယ်ရဲ (Karenni State Police) ဟာ (၃)နှစ်တိုင်တိုင်ရပ်တည်ပြီး ရဲအင်အား (၁၀၀၀) အထိ ရည်မှန်းချက်ချကာ ကရင်နီပြည်နယ် အတွက် မည်သူမဆို တရားဥပဒေအတိုင်း အကာအကွယ်ပေးဖို့ ဆုံးဖြတ်ရပ်တည်တဲ့အတိုင်း ကျနော်တို့ ပြည်သူလူထုများ၊ အသင်းအဖွဲ့ခေါင်းဆောင်များ၊ ရဲဝန်ထမ်းများအားလုံး အတူတကွ ဝိုင်းဝန်ပံ့ပိုးကြရန် သတိပေးတဲ့ နေ့လည်း ဖြစ်ပါတယ်။

လေးစားအပ်ပါသော ကရင်နီပြည်သူများနှင့် ကရင်နီပြည်ရဲများအားလုံးခင်ဗျာ

ကရင်နီပြည်နယ်ရဲ ဖွဲ့စည်းခြင်းနှင့်အတူ ကျနော်တို့ ပြည်သူလူထုများအားလုံးအတွက် အသိပေးခြင်း၊ နိုးကြားစေခြင်း၊ ကြိုးပမ်းဆောင်ရွက်စေလိုတဲ့ အရာ (၃)ခုရှိပါတယ်။

နံပါတ် (၁)ကတော့ ကျနော်တို့ နိုင်ငံတည်ဆောက်ရေးဖြစ်စေ၊ ယနေ့တော်လှန်ရေးကာလမှာဖြစ်စေ အနာဂတ်လူ့အသိုင်းအဝန်းဟာ တရားဥပဒေရဲ့ အကာအကွယ်ကို တန်းတူရယူခံစားပိုင်ခွင့် ရရှိရမယ် ဆိုတာ ဖြစ်ပါတယ်။ အခုလို တရားဥပဒေအကူအညီပေးနိုင်ဖို့ဟာ ရဲများရဲ့ တာဝန်ဖြစ်ပြီး တပ်များရဲ့တာဝန်၊ အုပ်ချုပ်ရေးတာဝန်များနှင့် ခြားနားပါတယ်။ ဆိုလိုတာက တရားဥပဒေအကာအကွယ် ရယူနိုင်ဖို့ဟာ ရဲအင်စတီကျူရှင်းများ လိုအပ်ပြီး ရဲနှင့်အတူ ဝိုင်းဝန်းတည်ဆောက်ရမယ်ဖြစ်တယ်။

နံပါတ် (၂)ကတော့ ဒီမိုကရက်တစ် တန်ဖိုးများကို ရဲနှင့်အတူ ဆက်လက်တည်ဆောက်ဖို့ ဖြစ်ပါတယ်။ လွတ်လပ်ပွင့်လင်းမှု၊ အပြန်အလှန်ထိန်းညှိမှု၊ လူ့အခွင့်အရေးနှင့် လူထုကိုယ်စားပြုတဲ့ အစိုးရစနစ်များဟာ ဒီမိုကရေစီရဲ့ စံတန်ဖိုး အခြေခံများဖြစ်တယ်။ ရဲလုပ်ငန်းများမှာလည်း အရပ်သားအစိုးရနှင့် လူထုများတန်ဖိုးထားတဲ့ မူများကို ကိုင်စွဲပြီး တရားဥပဒေစိုးမိုးရေးကို ကူညီဖို့ ဖြစ်တယ်။ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးကို ကာကွယ်တည်ဆောက်ဖို့လုပ်တဲ့အခါ လက်နက်ကိုင် တော်လှန်ရေး တခုတည်း အားကိုးလို့မရပါ။ ရဲများ တရားရေးအသင်းအဖွဲ့များလည်း ပါဝင်ရမယ်။ ဝိုင်းဝန်းချိတ်ဆက် ရမယ်ဖြစ်တယ်။

နံပါတ် (၃)အချက်က မူများလျော့ချလို့မရတဲ့ တရားဥပဒေစိုးမိုးရေးများလည်း ယခုရော နောင်ပါ လိုအပ်နေပြီး ရဲများနှင့်အတူ ရပ်တည်ဖို့ အသိပေးလိုပါတယ်။ ယခု တော်လှန်ရေးကာလထဲမှာ မူးယစ်ဆေးဝါပြဿနာ၊ အမျိုးသမီးများကို ဖိနှိပ်မှု အကြမ်းဖက်မှုပြဿနာကို လက်သင့်ခံလို့မရဘဲ ကိုင်တွယ်ဖြေရှင်းရမှာ ဖြစ်တယ်။ ဒါတွေဟာ ယနေ့စိန်ခေါ်မှုများဖြစ်ပြီး ယနေ့အချိန်ကာလထဲ ဖြေရှင်းရမဲ့ ပြဿနာများ ဖြစ်ပါတယ်။ ဒါတွေက KSP ဖွဲ့စည်းခြင်း (၃)နှစ်အတွင်း အထူးသတိပြု လုပ်ဆောင်ရမည့် အရာများဖြစ်ပါတယ်။

လေးစားအပ်ပါသော ကရင်နီပြည်သူများနှင့် ကရင်နီပြည်ရဲများအားလုံးခင်ဗျာ

မြန်မာနိုင်ငံရဲ့ အဓိကစိန်ခေါ်မှုက အာဏာရှင်စနစ်ဖြစ်ပေမဲ့ ဒုတိယအကြီးဆုံး စိန်ခေါ်မူက တရားဥပဒေစိုးမိုးမှု ကင်းမဲ့တာဖြစ်တယ်။ မြန်မာနိုင်ငံရဲ့ အတိတ်ကာလကို ကြည့်ပါက ဥပဒေများစွာဟာ မျှတမှု၊ လွမ်းခြုံမှု ကင်းမဲ့ခဲ့သလို လူထုနဲ့ အသင်းအဖွဲ့များစွာဟာ ဥပဒေများနှင့် လူ့တန်ဖိုးများထက် ကျော်လွန်ပြီး ရပ်တည်လိုတဲ့အပြင် ပြည်သူများစွာဟာ တရားဥပဒေစိုးမိုးမှုကို တန်ဖိုးမထားတာ ဖြစ်ခဲ့ပါတယ်။ ကရင်နီပြည်နယ်အတွင်းမှာ အာဏာရှင်စနစ်ကို ဆန့်ကျင်ခြင်းအဓိက လုပ်ဆောင်နေပေမဲ့ အနာဂတ်ကာလများမှာ တရားဥပဒေစိုးမိုးရေးက အဓိကကျပါတယ်။ ဒါကြောင့် တော်လှန်ရေးတပ်ဖွဲ့က အရေးကြီးတဲ့ တာဝန်ဝတ္တရားကို လုပ်ဆောင်နေသလို ရဲများဟာ ဒုတိယအရေးကြီးတဲ့ တရားဥပဒေစိုးမိုးရေး တာဝန်ဝတ္တရားကို လုပ်ဆောင်နေတာဖြစ်တယ်။ အရေတော်ပုံပြီးသွားချိန် ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု တပြိုင်နဲ့တည်း ရယူကြဖို့ လိုပါတယ်။ ကရင်နီပြည်မှာ တည်ဆောက်နေသလို တနိုင်ငံလုံးကလည်း အရေးတော်ပုံ ပြီးသွားချိန် ဒီမိုကရေစီနဲ့ တရားဥပဒေစိုးမိုးမှု တပြိုင်နဲ့တည်း ရယူကြဖို့ တိုက်တွန်းလိုပါတယ်။
ကရင်နီပြည်နယ်ရဲ (KSP) ကိုလည်း ဆက်လက်အားတင်းပြီး ရပ်တည်ဖို့ကြိုးစားစေလိုတယ်။ ကျနော်ငယ်ငယ်ကတည်းက အခုအချိန်ထိ ရဲများကို ရွံမုန်းခဲ့တယ်။ ယခင်ရဲများဟာ အကတိ လိုက်စားကြတယ်။ ဥပေဒကို လက်တလုံးခြားလုပ်ကြတယ်။ ယခင်ရဲများဟာ စစ်အာဏာရှင် တည်မြဲရေးအတွက် စနစ်ဆုံးလေ အခွင့်အရေးယူလေ ဆိုတဲ့ရဲများ ဖြစ်တယ်လို မြင်ခဲ့တယ်။ သို့သော် ကရင်နီပြည်နယ်ရဲများကို ဖွဲ့စည်းတဲ့အချိန် လူထုများအားလုံးက ကြိုဆိုဝိုင်းရံကြတယ်။ ရဲများနဲ့ ပူးပေါင်းဆောင်ရွက်ပြီး မကောင်းမှုကျူးလွန်သူများကို နှိမ်နင်းကြတယ်။ ရဲများအတွက် အသုံးစာရိတ်နဲ့ စားစရာတွေကို ပြည်သူများက ဝေမျှကြတယ်။ ရဲများအားလုံး လစာမရှိ အသုံးအဆောင်အကာအကွယ် နည်းပါးတဲ့ကြားက ကြိုးစားရပ်တည်နေကြတယ်။ ဒါတွေဟာ အင်မတန်ကောင်းမွန် အခြေခံကျတဲ့ ရဲတည်ဆောက်မှုကို တွေ့ရတဲ့အတွက် အလွန်ဝမ်းသာ ဖြစ်ရပါတယ်။ KSP မူများအတိုင်း ဒီမိုကရက်တစ် ရဲ ဖြစ်ရေး၊ လူထုအခြေပြု ရဲ ဖြစ်ရေး၊ တရားဥပဒေစိုးမိုးရေးစံများအားလုံးကို ဆက်လက်စွဲကိုင် ကြိုးပမ်းကြစေလိုတယ်။ (၃)နှစ်ပြည့်ချိန် KSP အင်အား (၁၀၀၀) ဖြစ်လာဖို့၊ KSP မှာ ကရင်နီပြည်နယ်အတွင်း အရေးကြီးနေရာများ၊ မြို့ရွာများ လုံခြုံရေးကို စတင်ယူနိုင်ဖို့ ဆက်လက်ကြိုးပမ်း စေလိုပါတယ်။
KSP (၃)နှစ်တာ ကာလအတွင်း ဦးဆောင်သူများကို ဂုဏ်ပြုကျေးဇူးတင်လိုပါတယ်။ ခေါင်းဆောင်ကောင်းသာ မဟုတ်ခဲ့ရင် ယခုလို အင်အားကောင်းတဲ့ ပြည်သူ့ဝန်ဆောင်မှုဌာန ဖြစ်လာစရာ မရှိပါဘူး။ CDM ပြုလုပ်ခဲ့တဲ့ ရဲများကို ကျေးဇူးတင်သလို ဆက်လက်ကြိုးစားပြီး စံပြရဲများအဖြစ် ရပ်တည်ပေးစေလိုပါတယ်။ ပြည်သူ့ရဲများ၏ သမိုင်းသစ်ကို CDM ရဲများနှင့် KSP ခေါင်းဆောင်းများ ဆက်လက်ရေးသွင်းကြရန် ပြည်သူများကိုယ်စား တောင်းဆိုပါတယ်။ ရဲများက ကြွေးကြော်ခဲ့တဲ့ “May I help you” အတုအယောင်ဆောင်ပုဒ်အစား “let build our society with rule of laws” လို့ ပြည်သူများနှင့်အတူ ရဲများ ကြွေးကြော်ကြရအောင်။ ရဲဝန်ထမ်းများအားလုံးကို အလေးပြုတယ်။ ဂုဏ်ယူတယ်။ အားကိုးတယ်။ KSP ရည်မှန်းချက်အောင်မြင်ဖို့ အတူကြိုးစားကြရအောင်လို့ တိုက်တွန်းရင်း နှစ်ဂုံးချုပ်ပါတယ်။

ခွန်းဘီထူး
ဒုတိယ-ဥက္ကဋ္ဌ
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ