An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

ခူဦးရယ် မိန့်ခွန်း

ကရင်နီပြည်၊ ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌ၏ မိန့်ခွန်း

ကရင်နီပြည်၊ ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွင့်ပွဲအခမ်းအနား

ကောင်းကြီးမင်္ဂလာအဖြာဖြာနဲ့ ပြည့်ဝတဲ့ နံနက်ခင်း ဖြစ်ပါစေလို့ အားလုံးကို နှုတ်ခွန်းဆက်ပါတယ်။ ကျနော် ခူဦးရယ်ပါ။ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) မှာ လက်ရှိ တာဝန်ယူနေဆဲ ဥက္ကဋ္ဌ လည်းဖြစ်ပါတယ်။ ယခု လက်ရှိတော်လှန်ရေး အခင်းအကျင်းအရ ပြည်သူလူထုနဲ့ ပြည်ထောင်စုအတွက် တသားတည်း ရပ်တည်ပြီး ဖက်ဒရယ်ဒီမိုကရေစီပြည်နယ်တခုအတွက် လိုအပ်တဲ့ အုပ်ချုပ်ရေး၊ တရားဥပဒေစိုးမိုးရေးနဲ့ တရားစီရင်ရေးလုပ်ငန်းများ စနစ်တကျ ချမှတ်ဖော်ဆောင်နိုင်ကြဖို့အတွက် ကရင်နီပြည်၊ ကြားကာလအုပ် ချုပ်ရေးကောင်စီကို စိန်ခေါ်မှုများကြားကနေ စတင်ဖွဲ့စည်းလိုက်ပါတယ်။ ကရင်နီပြည်နယ်၊ ကြားကာလ အုပ်ချုပ်ရေးကောင်စီမှာ ကရင်နီပြည်နယ်အတိုင်ပင်ခံကောင်စီရဲ့ ကြားကာလအစီအမံနဲ့ တာဝန်ပေးမှုအရ ကျနော့အနေနဲ့ ဥက္ကဋ္ဌတဦးအဖြစ် လူထုဝန်ဆောင်မှု လုပ်ငန်းများကို ကိုယ်စွမ်းဉာဏ်စွမ်းရှိသရွေ့ ကြိုးပမ်း ဆောင်ရွက်သွားဖို့ ဆန္ဒပြုထားပါတယ်။

ဒါကြောင့် ပထမအချက်အနေနဲ့ အထူးသဖြင့် လက်ရှိနွေဦးတော်လှန်ရေးမှာသာမက မြန်မာပြည် သမိုင်းတလျှောက် ဒီမိုကရေစီနဲ့လူ့အခွင့်အရေးအတွက်သော်လည်းကောင်း၊ ပြည်ထောင်စု တိုင်းရင်းသားများအကြား မိမိတို့ကံကြမ္မာကို ဖန်တီးပိုင်ခွင့်၊ တန်းတူညီမျှခွင့်တွေအတွက်သော် လည်းကောင်း ဒုက္ခဆင်းရဲများစွာ ကြားကနေစွန့်လွှတ်အနစ်နာခံပြီး အသက်သွေးချွေးနဲ့ တိုက်ပွဲဝင်ခဲ့၊ ဝင်မြဲ၊ ဝင်ဆဲ ဝင်လတ္တံ့သော နိုင်ငံတဝှမ်းလုံးက ရဲဘော်ရဲဘက်များ သူရဲကောင်းများ အားလုံးကို အလေးအနက် ဦးညွတ်ဂုဏ်ပြုအပ်ပါတယ်။ ကျနော်တို့ လက်ရှိအခြေအနေအထိ ရောက်ရှိနေတာဟာ ဒီလိုမြောက်များစွာသော ပေးဆပ်မှုတွေနဲ့အတူ လူထုကြီးတ ရပ်လုံးနဲ့ တော်လှန်ရေးရဲဘော်ရဲဘက်များ အားလုံးရဲ့ ကဏ္ဍအသီးသီးကနေ မလျှော့သော ဇွဲ၊လုံ့လ၊ဝီရိယ မျှော်လင့်ချက်၊ယုံကြည်ချက်တွေနဲ့ ပါဝင်အားဖြည့်ပေးမှုတွေ အမျိုးမျိုးကြောင့်သာ ဖြစ်တယ်ဆိုတာကိုလည်း ဂုဏ်ပြုရင်း အထူး ကျေးဇူးတင်ကြောင်း ပြောကြားလိုပါတယ်။

ဒုတိယအချက်အနေနဲ့ လူငယ်တွေရဲ့ အခန်းကဏ္ဍကို အလွန်တန်ဖိုးထားပါတယ်။ လူငယ်တွေဟာ တိုင်းပြည်ရဲ့ အနာဂတ်ခေါင်းဆောင်တွေ ဖြစ်သလို တိုင်းပြည်ရဲ့ အင်အားတွေလို့ ကျနော် အသိအမှတ်ပြု ခံယူပါတယ်။ ဒါကြောင့် လူငယ်မျိုးဆက်သစ်များကို လက်လှမ်းမီသလောက် အပြုသဘော အားပေးခဲ့ပြီး ဆက်လက်အားပေးနေဆဲ ဖြစ်ပါတယ်။ ယနေ့ကမ္ဘာကြီးရဲ့ တိုင်းပြည်အသီးသီးက လူငယ်မျိုးဆက်သစ်လေးတွေ နည်းပညာအားကောင်းကောင်းနဲ့ အမျိုးမျိုးလေ့လာသင်ယူမှု၊ တီတွင်ဖန်တီးမှု အသစ်တွေပြုလုပ်ပြီး ကမ္ဘာကြီးကိုပတ်ပြီး ဦးဆောင်ရင်း လွတ်လပ်ပျော်ရွှင်စွာ နေနိုင်ကြချိန်မှာ ကျနော်တို့အမျိုးသားကရင်နီလူငယ်တွေ အပါအဝင်နိုင်ငံတဝှမ်းလုံးက လူငယ် သားကောင်းရတနာလေးတွေဟာ ဒီစစ်အာဏာရှင်စနစ်ဆိုးကြီး ချုပ်ငြိမ်းရေး အတွက် ကြမ်းတမ်းတဲ့ တောတောင် လျှိုမြောင်တွေထဲမှာ ဒုက္ခဆင်းရဲခြင်းတွေကို အံကြိတ်ခံရင်း မိမိတို့အနာဂတ်အတွက် ရဲရဲရင့်ရင့် တိုက်ပွဲဝင်နေကြတာကို အသိအမှတ်ပြု ဂုဏ်ယူရသလို၊ တဖက်မှာတော့ ဒီတော်လှန် ရေးကြီးထဲမှာပဲ အဆုံးမသိ ကာလရှည်ကြာ နစ်မြောပြီး မိမိတို့ ဘဝအိပ်မက် မျှော်လင့်ချက်ပန်းတိုင်များ ပျောက်ဆုံးသွားတာမျိုးကို လုံးဝ မဖြစ်စေချင်ပါဘူး။ ဒီအချက်တွေကြောင့် အကြပ်အတည်း စိန်ခေါ်မှုပေါင်း များစွာ ကြားကနေပဲ ဒီအုပ်ချုပ်ရေးကောင်စီကို အစပြုလိုက်ရတာလည်း ဖြစ်ပါတယ်။ ဒီအပေါ်မှာ ပြည်တွင်း၊ပြည်ပမှ ကျနော်တို့မိဘပြည်သူလူထုများ၊ ညီအစ်ကို ရဲဘော်ရဲဘက်များ အားလုံးကလည်း ကျနော်တို့ ကရင်နီလူထုကြီးတရပ်လုံးနဲ့ အတူတကွ ရပ်တည်အားဖြည့်ခဲ့သလို ဆက်လက်ပြီးလည်း ပူးပေါင်းဆောင်ရွက်ပေး ကြဖို့ အနူးအညွတ် မေတ္တာရပ်ခံလိုပါတယ်။

တတိယအချက်အနေနဲ့ ပြောချင်တာကတော့ လက်ရှိ ကျနော်တို့ လျှောက်လှမ်းနေကြတဲ့ ဖက်ဒရယ် ဒီမိုကရေ စီလမ်းခရီးရဲ့ အခြေခံမိုင်တိုင်များအရ ဒီကြားကာလကြီးကနေစပြီး အခြေခံကျောရိုးပြည်နယ် များက အုပ် ချုပ်ရေးပိုင်းမှာ စနစ်တကျ စတင်ဖွဲ့စည်းရင်း အင်အားကောင်းမှ ခိုင်ခံ့ပြီး အားကောင်းတဲ့ ဖက်ဒရယ်ဒီမို ကရေ စီပြည်ထောင်စုကြီးကို ပုံဖော်နိုင်မှာ ဖြစ်ပါတယ်။

ဗမာပြည်လွတ်လပ်ရေးရဖို့အတွက် ပြင်ဆင်ခဲ့တဲ့ ယခင်က သမိုင်းဝင်ကာလတွေမှာ ချင်း၊ ကချင်နဲ့ ရှမ်း ညီအစ်ကိုတွေက သူတို့ရဲ့ပြည်ထောင်များကို ဗမာပြည်မနဲ့အတူ တောင်တန်း၊ ပြည်မ ပေါင်းစည်းရေး အတွက် အများသိကြတဲ့အတိုင်း သမိုင်းဝင်ပင်လုံစာချုပ်ကို ချုပ်ဆိုခဲ့ကြတယ်။ အဲဒီကာလမှာ မွန်၊ ရခိုင်နဲ့ ကရင် ညီအစ်ကိုတို့ကတော့ အဲဒီကာလမတိုင်ခင်ကတည်းက ဗမာပြည်မထဲမှာ ပူးပေါင်းပါဝင် သွားတာကြောင့် ဗိုလ်ချုပ်အောင်ဆန်းအမှူးပြုတဲ့ ပြည်မအစိုးရအဖွဲ့ထဲမှာ ကနဦးပါဝင်နှင့်ပြီး ဖြစ်တယ်လို့ နားလည်ထားပါတယ်။

သို့ပေမဲ့ ကျနော်တို့ ကရင်နီအမျိုးသားတွေကတော့ ပြည်ထောင်စုမှာ ပါဝင်တဲ့ အခြားတိုင်းရင်းသား ညီအစ်ကို များ နည်းတူမဟုတ်ပဲ အတော်ကွာခြားပါတယ်။ ကျနော်တို့ ကရင်နီပြည်ဆိုတာဟာ မိမိတို့ရဲ့ တသီးတခြား လွတ်လပ်စွာတည်ရှိခဲ့တဲ့ သမိုင်းကနေ ဒုတိယကမ္ဘာစစ်ရဲ့ နောက်ဆက်တွဲ ဆိုးကျိုး တွေကြောင့် ကရင်နီလူထုမှာ အဓိကကြုံတွေ့ခဲ့ရတဲ့ ငတ်မွတ်ခေါင်းပါးခြင်းတွေကို အခြေခံပြီး ကရင်နီ အမျိုးသား ခေါင်းဆောင်ကြီး များအကြားမှာ လွတ်လပ်ရေးရတော့မယ့် ဗမာပြည်မနဲ့ ပူးပေါင်းကြမလား၊ သို့မဟုတ် တောင်တန်းဒေသအုပ် ချုပ်ရေးအဖွဲ့နဲ့ ပူးပေါင်းမလားဆိုတဲ့ နိုင်ငံရေးလမ်းဆုံလမ်းခွ အခင်းအကျင်းတခုနဲ့ ရင်ဆိုင်ကြုံတွေ့ခဲ့ရပြီး၊ ခေါင်းဆောင်အချို့ဟာ ပြည်သူလူထုကြားမှာ သဘောထား ရယူခြင်းမရှိပဲ မိမိတို့ သဘောအလျောက်တွေနဲ့ ပြည်ထောင်စုဖွဲ့စည်းမှုမှာ ပူးပေါင်းပါဝင်ဖို့ တိတ်တဆိတ် လက်မှတ်ရေးထိုးခဲ့ရာကနေ ဗမာပြည်ရဲ့ ပြည်နယ်တခုအဖြစ် ပါဝင် သွားခဲ့ရတာဖြစ်ပါတယ်။

၁၉၄၇ ခုနှစ်မှာ ပြည်ထောင်စုအတွက် ရေးဆွဲခဲ့တဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေမှာ ပါဝင်ခဲ့တဲ့ ဦးချန်ထွန်း ကိုယ်တိုင်က အပေါ်ယံကြည့်ရင် ပြည်ထောင်စုလို့ ပြောလို့ရပေမဲ့ အနှစ်သာရအရတော့ စုဖွဲ့ပါဝင်တဲ့ ပြည်ထောင်တွေကို အခွင့်အာဏာပေးထားတဲ့ ပြည်ထောင်စုအသွင် မဟုတ်ဘဲ တပြည်ထောင်စနစ်သာ ဖြစ်တယ်လို့ အတိအလင်းပြောခဲ့ဖူးပါတယ်။ အကျိုးဆက်ကတော့ တိုင်း ပြည်လွတ်လပ်ရေးကို သမိုင်းဝင်ရရှိပြီး နောက်ပိုင်းအနှစ်(၇၀)ကျော်ကာလတလျှောက်လုံးမှာ ပြည်ထောင်စု ဖက်ဒရယ်စနစ် သဘောဆောင်တဲ့ အုပ်ချုပ်ရေးစနစ်ကို အခြေခံကျကျ လက်တွေ့ ကျင့်သုံး နိုင်ကြဖို့အတွက် နိုင်ငံရေးမူဝါဒတွေ နိုင်ငံရေး အလေ့အကျင့်ကောင်းတွေကို အတူတကွ ညှိနှိုင်းချမှတ်ပြီး ပြုစုပျိုးထောင်လို့ မရကြတော့ပဲ တိုင်းပြည်က ကာလရှည်ကြာစွာ လမ်းပျောက်ခဲ့ရတယ်။ တိုင်းရင်းသား လူမျိုးများအနေနဲ့လည်း မိမိတို့မွေးဖွားရာဇာတိမြေပေါ်မှာ ကောင်းမွန်တဲ့ဘဝတွေကို မတည်ဆောက် နိုင်ကြတော့ပဲ ကြီးနိုင်ငယ်ညှင်း မငြိမ်းချမ်းမှုအောက်မှာ မွေးရာပါလူ့အခွင့်အရေးများ လူ့စွမ်းအား အရင်းအမြစ် သဘာဝပတ်ဝန်းကျင် သယံဇာတစတဲ့ အရင်းအမြစ် ပေါင်းမြောက်များစွာ မရေမတွက်နိုင်အောင် ဝမ်းနည်းဖွယ်ရာ ပျက်သုဉ်းဆုံးရှုံးနစ်နာခဲ့ရပါတယ်။ အာဏာရှင် စနစ်အောက်မှာ တရားမျှတမှုကိုလည်း မဖန်တီးနိုင်ပဲ အားလုံးက နည်းလမ်းပေါင်းစုံနဲ့ ကျင်လည်ဖြတ်သန်း ခဲ့ကြရတယ်။ သို့သော်လည်း ၂၀၂၁ ခုနှစ်ကနေစပြီး တတိုင်းပြည်လုံးက လူမျိုး ဘာသာကျားမမရွေး အသက် အရွယ်မရွေး မိဘပြည်သူလူထုကြီး တရပ်လုံးရဲ့ စုပေါင်းအားနဲ့ ဒီစနစ်ဆိုးကို တွန်းလှန်တိုက်ပွဲ ဝင်နေကြတာ ကို ကမ္ဘာသိပဲ ဖြစ်ပါတယ်။

နိဂုံးအနေနဲ့ အခုချိန်မှာ အခြေခံလိုအပ်ချက်များစွာထဲကနေ တော်လှန်ရေးကြီးတစုံလုံးရဲ့ လုပ်ငန်းစဉ်များ အပြီးမသတ်နိုင်ကြသေးသော်ငြားလည်း မိဘပြည်သူလူထုကြီးတရပ်လုံးရဲ့ ပေါင်းစည်းမှု အင်အားတွေ နဲ့အတူ လှပကောင်းမွန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ တိုင်းပြည်တခုအဖြစ် အနာဂတ် သမိုင်းသစ်ကို အားလုံးအတူတကွ ပြန်လည်တည်ဆောက်ခွင့်ရကြပြီ ဖြစ်ပါတယ်။ ဒါကြောင့် အခြားသောညီအစ်ကို ပြည်နယ်များ အနေနဲ့လည်း ကျနော်တို့ကရင်နီပြည်နယ်ကဲ့သို့ပဲ အလုံးစုံမပြည့်စုံသေးပေမဲ့ လက်ရှိ မိမိတို့ရဲ့ ပြည်နယ်အခင်းအကျင်းတွေအပေါ်မှာ အခြေခံပြီး အားကောင်းခိုင်မာတဲ့ အုပ်ချုပ်ရေးယန္တရား အခင်းအကျင်းတွေကို မိမိတို့ လူထုအတွက် ကြိုးစားဖန်တီးရင်း အားကောင်းခိုင်မာတဲ့ ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စုကြီးကို စုပေါင်းခေါင်းဆောင်မှုနဲ့အတူ ဆက်လက်ပြီး အတူတကွ တည်ဆောက် သွားကြပါစို့လို့လည်း ခွန်အားပေးတိုက်တွန်း လိုက်ပါတယ်ခင်ဗျား။ ဒီကနေ့ အခမ်းအနား အစီအစဉ်ကို တက်ရောက်ပြီး ဝန်းရံအားပေးကြတဲ့ ပြည်ထောင်စု တဝှမ်းလုံးနဲ့ ပြည်တွင်းပြည်ပမှ ကိုယ်စားလှယ်တော် များနဲ့အတူ မိဘပြည်သူလူထုတရပ်လုံးကိုလည်း အထူးကျေးဇူးတင်ပါတယ်။ အားလုံးကို ဘုရားသခင် ကောင်းကြီးပေးပါစေခင်ဗျား။