An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

အကြမ်းဖက်စစ်ကောင်စီ အရပ်သားတိုက်ခိုက်မှု

အကြမ်းဖက်စစ်ကောင်စီ၏ အရပ်သားပစ်မှတ်ထားတိုက်ခိုက်မှုအပေါ် ထုတ်ပြန်ချက်

ထုတ်ပြန်ချက်အမှတ် (၁/၂၀၂၄)
၂၀၂၄ ခုနှစ် ၊ ဖေဖေါ်ဝါရီလ (၅) ရက်
အကြမ်းဖက်စစ်ကောင်စီမှ အရပ်သား ပြည်သူများအား ပစ်မှတ်ထား တိုက်ခိုက်သည့်အပေါ် ထုတ်ပြန်ချက်
၂၀၂၄ခုနှစ်၊ ဖေဖေါ်ဝါရီလ (၅) ရက်နေ့ ၊ နံနက် (၁၀း၁၅) နာရီနှင့် (၁၁း၂၀) နာရီ ဝန်းကျင်ခန့်တွင် ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီကျေးရွာရှိ စာသင်ကျောင်း နှင့် လွိုင်နန်းဖကျေးရွာရှိ စာသင်ကျောင်း အနီးအနားတဝိုက်သို့ အကြမ်းဖက်စစ်ကောင်စီမှ လေယာဉ်ဖြင့် (၁၀)ကြိမ်တိုင်တိုင် ဗုံးကြဲ တိုက်ခိုက်ခဲ့သည်။ တစ်ချိန်တည်း၌ပင် လွိုင်ကော်နှင့် ဒီးမော့ဆိုရှိ အကြမ်းဖက်စစ်ကောင်စီ တပ်စခန်းများမှလည်း လက်နက်ကြီးဖြင့် (၆) ကြိမ်တိုင်တိုင် ပစ်ခတ်ခဲ့ပါသည်။
ထိုတိုက်ခိုက်မှုများကြောင့် ဒေါဆီးအီကျေးရွာ စာသင်ကျောင်းတွင် အေးချမ်းစွာ ပညာသင်ကြားနေသော အသက် (၁၃ ) နှစ်အရွယ် ဝန်းကျင်ရှိသည့် အလယ်တန်းကျောင်းသား (၄) ဦး ပွဲချင်းပြီး သေဆုံးခဲ့ပြီး မူကြိုအရွယ် ကလေးငယ် (၁) ဦး အပါအဝင် ကလေးငယ် စုစုပေါင်း(၁၄) ဦး ထက်မနည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပါသည်။
ထို့အတူ လွိုင်နန်းဖကျေးရွာရှိစာသင်ကျောင်းတွင်လည်း ဆရာ၊ ဆရာမ (၂) ဦး နှင့် ကျေးရွာသူ ရွာသား(၅)ဦး ဒဏ်ရာရရှိပြီး သက်ကြီးပိုင်းအမျိုးသား(၁)ဦး သေဆုံးခဲ့သည်။ ကျောင်းအဆောက်အဦး (၆) လုံး ၊ ခရစ်ယာန် ဘုရားကျောင်း (၁) ကျောင်း ၊ လူနေအိမ် (၅) လုံး နှင့် ကား (၁) စီး ပျက်စီးသွားခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုတွင် သေဆုံးထိခိုက်ခဲ့ရသည့် ကျောင်းသားကလေးသူငယ်များ နှင့် အရပ်သားပြည်သူများ၏ မိသားစုဝင်များနှင့်ထပ်တူ အလွန် ဝမ်းနည်းကြေကွဲရပါသည်။
အကြမ်းဖက် စစ်ကောင်စီ၏ အရပ်သားပြည်သူများနှင့် အပြစ်မဲ့ကလေးသူငယ်များကို ရည်ရွယ်ချက်ရှိရှိ ပစ်မှတ်ထား တိုက်ခိုက်ခြင်းသည် လက်သင့်ခံနိုင်ဖွယ်မရှိဘဲ ပြင်းထန်စွာ ကန့်ကွက်ရှုံ့ချပါသည်။
ယခုကဲ့သို့ အကြမ်းဖက်တိုက်ခိုက်မှုသည် နိုင်ငံတကာလူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ဥပဒေနှင့်ဓလေ့ထုံးတမ်းဥပဒေများအပေါ် ဆိုးဝါးသည့် ချိုးဖောက်မှုဖြစ်ရာ ရောမသဘောတူစာချုပ် (Rome Statue) အရ စစ်ရာဇဝတ်မှုမြောက်သည့် ရက်စက်သော လုပ်ရပ်ဖြစ်သည်။
ထို့အပြင် ကလေးသူငယ်များအခွင့်အရေးဆိုင်ရာသဘောတူစာချုပ် (Convention on the Rights of the Child – CRC) အရ “ ကလေးတိုင်းတွင် ပင်ကိုယ်ဗီဇအဖြစ် အသက်ရှင် နေထိုင်ခွင့်ရှိသည်” ဟူသောအချက်နှင့် ဂျီနီဗာ သဘောတူညီချက်များကိုလည်း အကြမ်းဖက် စစ်ကောင်စီမှ အလေးထားမှု မရှိဘဲ ဗြောင်ဗြောင်တင်းတင်း ချိုးဖောက်လိုက်ခြင်း ဖြစ်သည်။
သို့ဖြစ်ရာ လူနည်းစုများအပေါ် လူမျိုးတုံး သတ်ဖြတ်မှု၊ လူသားမျိုးနွယ်အား ဆန့်ကျင်သည့် ရာဇဝတ်မှုနှင့် နိုင်ငံတကာလူသားချင်းစာနာထောက်ထားမှုဆိုင်ရာ ဥပဒေအား ဆိုးဝါးစွာ ချိုးဖောက်မှုများအတွက် အကြမ်းဖက်စစ်ကောင်စီ တာဝန်ရှိသူများကို တရားစွဲဆို အပြစ်ပေးရန် သော်လည်းကောင်း၊ ၎င်းတို့မှ ပြစ်ဒဏ်ကင်းလွတ်ခွင့် ရရှိနေမှုကို အဆုံးသတ်ရန်သော်လည်းကောင်း၊ အမျိုးသားညီညွတ်ရေးအစိုးရနှင့် ကမ္ဘာ့ကုလသမဂ္ဂတို့ အပါအဝင် နိုင်ငံတကာအသိုင်းအဝိုင်းမှ လက်ပိုက်ကြည့်မနေဘဲ အမြန်ဆုံး ဝိုင်းဝန်း အရေးယူ ဆောင်ရွက်ရန် အလေးအနက် တိုက်တွန်း တောင်းဆိုပါသည်။
ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကရင်နီပြည်