ထုတ်ပြန်ချက်အမှတ် (၂/၂၀၂၄)
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၈) ရက်
တရားမဝင်အာဏာသိမ်းစစ်တပ်မှ ကရင်နီပြည်၊ ရှားတောမြို့နယ်ရှိ အရပ်သားပြည်သူများအား ဖမ်းဆီးသတ်ဖြတ်မှုအပေါ် ထုတ်ပြန်ချက်
၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၄) ရက်၊ ညနေပိုင်း၌ တောင်ကြီးမြို့နယ်၊ မိုင်းပျဉ်းအခြေစိုက် တရားမဝင် အာဏာသိမ်းစစ်တပ် ခလရ (၂၄၉)၊ ခန့်မှန်းအင်အား (၆၀) ကျော်သည် ရှားတောမြို့နယ်အတွင်း တောင်ယာခင်းတစ်ခုတွင် စစ်ရှောင်နေကြသည့် အရပ်သားပြည်သူ မိသားစု (၃) စု အား ဖမ်းဆီးခဲ့၍ လမ်းပြစေခဲ့ပြီး လူသားဒိုင်းအဖြစ် ခေါ်ဆောင်သွားခဲ့သည်။ ၂၀၂၄ ခုနှစ်၊ ဖေဖော်ဝါရီလ (၅) ရက်၊ နံနက် (၈) နာရီဝန်းကျင်၌ ၎င်းတို့ ဖမ်းဆီးခေါ်ဆောင်လာခဲ့သည့် အရပ်သားပြည်သူ ကလေးငယ် (၃) ဦး၊ ကိုယ်ဝန်ဆောင်အမျိုးသမီးတစ်ဦးအပါအဝင် အမျိုးသမီး (၃) ဦး၊ ကိုယ်ဝန်အတွင်း သန္ဓေသားလောင်း (၁) ဦး နှင့် အမျိုးသား (၁) ဦး၊ စုစုပေါင်း (၈) ဦးကို ရက်စက်စွာ သတ်ဖြတ်ခဲ့သည်။
အဆိုပါ နေ့ရက်တစ်ရက်တည်း၌ပင် ဒီးမော့ဆိုမြို့နယ် ဒေါဆီးအီကျေးရွာနှင့် လွိုင်နန်းဖကျေးရွာတို့၌ တရားမဝင်အာဏာသိမ်းစစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုနှင့် လက်နက်ကြီး ပစ်ခတ်မှုတို့ကို ပြုလုပ်ကျူးလွန်ခဲ့၍ အပြစ်မဲ့ ကျောင်းသားကလေးသူငယ် (၄) ဦးနှင့် စစ်ရှောင် အမျိုးသား (၁) ဦး၊ စုစုပေါင်း (၅) ဦး သေဆုံးခဲ့ရသည်။
အထက်ပါ ဖြစ်ရပ်ဆိုးများသည် တရားမဝင်အာဏာသိမ်း စစ်တပ်၏ လူ့အခွင့်အရေးချိုးဖောက်မှုနှင့် စစ်ရာဇဝတ်မှုများကို ရည်ရွယ်ချက်ရှိရှိ အရပ်သားပြည်သူများကိုပစ်မှတ်ထား တိုက်ခိုက်မှုဖြစ်၍ ကန့်ကွက်ရှုံ့ချပါသည်။
ယခုကဲ့သို့ ဆိုးရွားလှသည့် လူ့အခွင့်အရေးချိုးဖောက်မှုများကို ဆက်တိုက် ကျူးလွန်နေမှုများ အဆုံးသတ်နိုင်ရန် ကမ္ဘာ့ကုသမဂ္ဂကဲ့သို့သော နိုင်ငံတကာအဖွဲ့အစည်းများ၊ အိမ်နီးချင်းနိုင်ငံများအနေဖြင့် ထိုစစ်ရာဇဝတ်မှုကျူးလွန်နေသူများကို နိုင်ငံတကာ စစ်ခုံရုံးများတွင် စစ်ဆေးအပြစ်ပေးနိုင်ရန်နှင့် နစ်နာခံစားခဲ့ရသော အရပ်သားပြည်သူ အမျိုးသမီးနှင့် ကလေးသူငယ်များအတွက် ထိရောက်သော အကူအညီများ ဆက်လက်ပံ့ပိုးပေးနိုင်ရန် တိုက်တွန်း တောင်းဆိုသည်။
ဤကဲ့သို့ ဝမ်းနည်းဖွယ်ဖြစ်ရပ်ဆိုးကို ကြုံတွေ့ခဲ့ရသည့် မိသားစုဝင်များနှင့် နစ်နာဆုံးရှုံး ထိခိုက် သေကြေခဲ့ရသည့် အပြစ်မဲ့ ကလေးသူငယ်များ၊ အမျိုးသမီးများနှင့် အရပ်သားပြည်သူများအတွက် တရားမျှတမှုကို ဖော်ဆောင်ပြီး စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးကို အဆုံးစွန်အထိ လုပ်ဆောင်မည်ဖြစ်ကြောင်း ထုတ်ပြန်အပ်ပါသည်။
ကြားကာလ အုပ်ချုပ်ရေးကောင်စီ
ကရင်နီပြည်