- ၂၀၂၄ ခုနှစ်၊ ဧပြီလ (၁၀) ရက်၊ ယနေ့တွင် ကျရောက်သည့် (၂၄) ကြိမ်မြောက် ကယန်းအမျိုးသားရေး အချိန်အခါသမယ၌ ကယန်းအမျိုးသားများအားလုံး ကိုယ်စိတ် နှစ်ဖြာ ကျန်းမာ၍ ဘေးကင်းလုံခြုံ ကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျှက် ဤနေ့ထူးနေ့မြတ်ကို ဂုဏ်ပြုကြိုဆိုလိုက်ပါသည်။
- ကယန်းလူထု၏ သမိုင်းအစဉ်အလာကောင်းများဖြစ်သော နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှုများ ခေတ်အဆက်ဆက် စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှကို တွန်းလှန်မှုများသည် တန်းတူရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံပေးနိုင်သည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးအတွက် အစဉ်အမြဲ တွန်းအားဖြစ်နေခဲ့ပါသည်။
- သမိုင်းအစဉ်အလာအရ တည်ရှိခဲ့သော ကရင်နီနယ်ကြီး (၄) နယ်ဖြစ်သည့် မိုးဗြဲနယ်၊ ကန္ဒရဝတီနယ်၊ ကျယ်ဖိုးကြီးနယ်နှင့် ဘောလခဲနယ် ဟူသော နယ်နမိတ် အဝန်းအဝိုင်းတွင် ကရင်နီအမျိုးသားများအားလုံး တစ်စုတစ်စည်းတည်း ပြန်လည်ဖြစ်တည်ရေးအပါအဝင် တူညီသော ကရင်နီ နိုင်ငံရေးဘုံရည်မှန်းချက်များ ချမှတ်နိုင်ရေးအတွက် ကယန်းအမျိုးသားများ၏ တန်ဖိုးထား အားထုတ်မှုကို အစဉ် အသိအမှတ်ပြုပါသည်။
- ၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်မှ စတင်ခဲ့သည့် စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှက လက်မခံသော ဆန့်ကျင်လှုပ်ရှားမှုများတွင် ကယန်းလူငယ် အမျိုးသမီး၊ အမျိုးသားများအပါအ၀ ကယန်းလူမျိုးများစွာသည် မြန်မာနိုင်ငံတစ်ဝှမ်းရှိ တိုင်းရင်းသား ညီအစ်ကိုမောင်နှမများနှင့်အတူ တက်ကြွစွာ ပါဝင်လာခဲ့သည်မှာ ယနေ့အချိန်ထိဖြစ်သည်။
- အပြန်အလှန် အသိအမှတ်ပြုမှုဖြင့် အမျိုးသားတန်းတူရေးနှင့် ဒီမိုကရေစီအရေးကို ဖော်ဆောင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ကယန်းအမျိုးသားများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါ ပါကြောင်းနှင့် စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေး၊ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးတို့အတွက် ဝိုင်းဝန်းကြိုးပမ်း ဆောင်ရွက်ကြရန် တိုက်တွန်းလျှက် ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ