၂ဝ၂၄ ခုနှစ်၊ ဧပြီလ (၁၅) ရက်၊ ယနေ့တွင် ကျရောက်သည့် (၅၆) နှစ်မြောက် ကယောအမျိုးသားနေ့ အချိန်အခါသမယ၌ ကယောအမျိုးသားများအားလုံး ကိုယ်စိတ်နှစ်ဖြာ ကျန်းမာ၍ ဘေးကင်း လုံခြုံကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလျက် ဤနေ့ထူးနေ့မြတ်ကို ဂုဏ်ပြုကြိုဆို လိုက်ပါသည်။ ကယောအမျိုးသားရေး ဝိသေသလက္ခဏာများကို ဖော်ထုတ်နိုင်ရေးအတွက် ကယောအမျိုးသားနေ့ ပွဲတော်ကို (၁၉၆၈)ခုနှစ်၊ ဧပြီလ (၁၅) ရက်နေ့မှ စတင်ခဲ့ပြီး ယနေ့အထိ ကျင်းပါလာခဲ့သည်မှာ (၅၆) နှစ် ပြည့်မြောက်ခဲ့ပြီဖြစ်သည်။
ကယောလူထု၏ သမိုင်းကြောင်းတစ်လျှောက်လှုပ်ရှားမှုများဖြစ်သည့် ခေတ်အဆက်ဆက် စစ်အာဏာရှင် အပါအဝင် အာဏာရှင်မှန်သမျှကို တွန်းလှန်တိုက်ခိုက်မှုများ၊ တန်းတူရေး၊ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် ရွပ်ရွပ်ချွံချွံ ဆောင်ရွက်ခဲ့မှုများသည် ကရင်နီအမျိုးသားများ၏တော်လှန်ရေး အတွက်သာမက တစ်နိုင်ငံလုံး၏ ဖက်ဒရယ်ဒီမိုကရေစီထူထောင်ရေးအတွက်ပါ အစဉ်အဆက် ခွန်အားဖြစ်လျက်ရှိပြီး ကယောအမျိုးသားများ၏ ကြိုးပမ်းအားထုတ်မှုကို အစဉ် အသိအမှတ်ပြုသည်။
ကယောလူမျိုးများသည် ပထမကမ္ဘာစစ်ကတည်းက ကျယ်ဖိုးကြီးနယ်အကြီးအကဲကို သစ္စာခံယူပီး မဟာမိတ်တပ်ဖွဲ့တွေမှာ ကရင်နီပြည်အတွက် ကိုယ်စားပါဝင် အသက်ပေး တိုက်ပွဲဝင်ခဲ့ကြသည်။ ဗြိတိသျှဘုရင်မ၏ ဂုဏ်ပြုအမှတ်တံဆိပ် ချီးမြှင့်ခြင်းပင်ခံခဲ့ကြရသည်။
၂၀၂၁ ခုနှစ်၊ ဖေဖေါ်ဝါရီလ (၁) ရက်မှ စတင်ခဲ့သည့် စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှကို ဆန့်ကျင်သော လှုပ်ရှားမှုများတွင် ကယောလူထုသည် နိုင်ငံအဝှမ်းရှိ သွေးချင်းညီအစ်ကို မောင်နှမများနှင့် အတူ ပါဝင်နေသည်မှာ ယနေ့အထိဖြစ်သည်။
စုပေါင်းခေါင်းဆောင်မှု၊ အပြန်အလှန်အသိအမှတ်ပြုမှုဖြင့် တန်းတူရေးနှင့် ဒီမိုကရေစီအရေးကို ဖော်ဆောင်မည့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရေးတွင် ကယောအမျိုးသားများ၏ အခန်းကဏ္ဍမှာ အလွန်အရေးပါသောကြောင့် စစ်အာဏာရှင်နှင့် အာဏာရှင်မှန်သမျှ ချုပ်ငြိမ်းရေးကို အတူတကွ ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်ကြရန် တိုက်တွန်းဂုဏ်ပြုရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ