An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

Karenni landmine warning

မြေမြှုပ်မိုင်းအန္တရာယ်နှင့်ပတ်သက်၍ မိဘပြည်သူများသို့ အရေးကြီးအသိပေးချက်

ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ
အသိပေးပန်ကြားချက်အမှတ်၊ ( ၀၂/၂၀၂၄)
၂၀၂၄ ခုနှစ်၊ မေလ (၁) ရက်
မြေမြှုပ်မိုင်းအန္တရာယ်နှင့် ပတ်သက်၍ မိဘပြည်သူများသို့ အသိပေးပန်ကြားချက်

တရားမဝင် အာဏာသိမ်းစစ်တပ်၏ အာဏာသိမ်းမှု အကျိုးဆက်များအနက် တစ်ခုဖြစ်သည့် မြေမြှုပ်မိုင်းများကြောင့် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများထိခိုက်သေဆုံးရမှုများမှာ သိသိသာသာ တိုးပွားလာသည်ကို တွေ့ရသည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် ကရင်နီပြည် အတွင်း တော်လှန်ရေးတပ်ပေါင်းစုံနှင့် လက်တွဲ၍ ပြည်သူများ နေထိုင်သည့် ရပ်ကွက်/ကျေးရွာများ အတွင်း မြေမြှုပ်မိုင်းရှင်းလင်းရေးကို ကြိုးစားဆောင်ရွက်နေပါသည်။ ထို့အပြင် ပြည်သူများ ထိခိုက်မှု လျော့ကျစေရန် အင်အားစုအသီးသီးနှင့် ပူးပေါင်း၍ မိုင်းအန္တရာယ်ကင်းရှင်းရေး အသိပညာပေးခြင်းနှင့် လေကြောင်းရန် အန္တရာယ်ကာကွယ်ရေး အသိပညာပေးလုပ်ငန်းများကိုလည်း ကြိုးပမ်း ဆောင်ရွက်လျက် ရှိသည်။

မည်သို့ပင်ဆိုစေကာမူ ကရင်နီပြည်အတွင်း ရပ်ကွက်/ကျေးရွာအများစု၌ မြေမြှုပ်မိုင်းများ အပါအဝင် အခြားမပေါက်ကွဲသေးသော ကြွင်းကျန် စစ်သုံးပစ္စည်းများ အန္တရာယ်မှာ ကြီးမားနေဆဲ ဖြစ်သည်။ သို့ဖြစ်ရာ မိဘပြည်သူများအနေဖြင့် အောက်ပါ လမ်းညွှန်သတိပေးချက်များကို အတိအကျ လိုက်နာရန် အသိပေးပန်ကြားပါသည် –

  1. သက်ဆိုင်ရာ မြို့နယ်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့များ နှင့် တော်လှန်ရေး တပ်ပေါင်းစုံမှ တာဝန်ရှိသူများ၏ အတည်ပြုချက်တစ်စုံတစ်ရာ မရရှိဘဲ မိမိတို့ ရပ်ကွက်/ကျေးရွာများတွင် ပြန်လည် နေထိုင်ခြင်း မပြုကြရန်၊
  2. ပြန်လည်အခြေချ နေထိုင်ခွင့်ရှိသည့် အချို့သော ရပ်ကွက်/ကျေးရွာများတွင် သတ်မှတ် ထားသည့် နေရာ၌သာ နေထိုင်သွားလာရန်နှင့် ကန့်သတ်ထားသည့် နေရာများသို့ သွားလာခြင်း လုံးဝမပြုလုပ်ရန်၊
  3. မိမိတို့ ပတ်ဝန်းကျင်၌ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက် ပစ္စည်းများ တွေ့ရှိပါက ကိုင်တွယ်ထိတွေ့ခြင်း (သို့မဟုတ်) တူးဖော် ထုနှက်ခြင်း၊ နေရာရွေ့ခြင်းနှင့် ယူငင်သိမ်းဆည်းထားခြင်း လုံးဝ မပြုလုပ်ကြရန်၊
  4. မိမိတို့ ပတ်ဝန်းကျင်၌ မြေမြှုပ်မိုင်းများနှင့် ပေါက်ကွဲစေတတ်သည့် စစ်လက်နက်ပစ္စည်းများ တွေ့ရှိပါက သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်ချုပ်ရေးအဖွဲ့ နှင့် နီးစပ်ရာ တော်လှန်ရေး တပ်ပေါင်းစုံမှ တာဝန်ရှိသူများကို ချက်ခြင်း အကြောင်းကြားရန်၊
  5. သက်ဆိုင်ရာ မြို့နယ်၊ ကျေးရွာ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့များနှင့် တော်လှန်ရေးတပ်ပေါင်းစုံမှ တာဝန်ရှိသူများ၏ လိုအပ်ချက်အရ ထုတ်ပြန်သည့် မြေမြှုပ်မိုင်းအန္တရာယ်ဆိုင်ရာ စည်းကမ်း သတ်မှတ်ချက်များကို လေးစားလိုက်နာရန်။

အထက်ပါ လမ်းညွှန်သတိပေးချက်များကို သတိပြု လေးစားလိုက်နာ၍ အပြန်အလှန် ဝိုင်းဝန်း ပူးပေါင်းဆောင်ရွက်ခြင်းဖြင့် မြေမြှုပ်မိုင်းအန္တရာယ်ကို လျော့ချကာကွယ်ကြရန် တိုက်တွန်းနှိုးဆော်အပ် ပါသည်။

ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကရင်နီပြည်