An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

ကရင်နီအမျိုးသားနေ့

(၁၅၀) နှစ်မြောက် ကရင်နီအမျိုးသားနေ့သို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) ၏ ဂုဏ်ပြုသဝဏ်လွှာ

၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်နေ့တွင် ကျရောက်သော (၁၅၀) နှစ်မြောက် ကရင်နီအမျိုးသားနေ့ နေ့ထူးနေ့မြတ်တွင် ခေတ်အဆက်ဆက် စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှကို နည်းလမ်းအမျိုးမျိုးဖြင့် တော်လှန် တိုက်ပွဲဝင်ခဲ့ကြသည့် ကရင်နီပြည်လူထုနှင့်တကွ ကမ္ဘာအရပ်ရပ်တွင်ရှိသော ကရင်နီပြည် ပြည်သူလူထုများအပါအဝင် မြန်မာပြည်သူများအားလုံး အဖိနှိပ်ခံဘဝမှ အမြန်ဆုံးလွတ်မြောက် ပါစေကြောင်း ဆုတောင်းမေတ္တာ ပို့သလိုက်ပါသည်။ ထို့အပြင် လေးနှစ်တာ ကာလအတွင်း အမျိုးသား တန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်တို့အတွက် အသက်နှင့် ခန္ဓာတို့ကို ပေးဆပ်ခဲ့ကြသော ပြည်သူများ၊ ရဲမေ၊ရဲဘော်များနှင့် လက်ရှိကာလအထိ ရပ်တည်ပေးခဲ့ကြသော ကရင်နီပြည် ပြည်သူ ပြည်သားများနှင့် စစ်ရှောင်ပြည်သူများ အားလုံးကို လေးစားအသိအမှတ်ပြုကြောင်း ဖော်ပြအပ်ပါသည်။

၁၈၇၅ ခုနှစ်၊ ဇွန်လ (၂၁) ရက်တွင် ဗမာဘုရင်ကိုယ်စားလှယ် ကင်းဝန်မင်းကြီးနှင့် ဗြိတိသျှအစိုးရ မစ်ရှင်အဖွဲ့ခေါင်းဆောင် ဆာသောမတ်ဒေါက်ကလပ်ဖောဆစ် (Sir Thomas Douglas Forsyth) တို့အကြား အနောက်ကရင်နီနယ်အား သီးခြားလွတ်လပ်သော နယ်အဖြစ် အသိအမှတ်ပြုသည့် သမိုင်းဝင် စာချုပ် တစ်ရပ်ကို လက်မှတ်ရေးထိုးခဲ့ကြသည်မှာ ယနေ့ ၂၀၂၅ ခုနှစ်၊ ဇွန်လ (၂၁)ရက်တွင် (၁၅၀)နှစ်ပြည့်မြောက် လာခဲ့ပြီ ဖြစ်သည်။

မိမိတို့ ကရင်နီပြည်သည် သီးခြားလွတ်လပ်သော ပြည်တစ်ခုအဖြစ် အသိအမှတ်ပြု ရပ်တည် ခဲ့သော်လည်း လက်ရှိ ပစ္စုပ္ပန်ကာလနှင့် အနာဂတ်ကာလတို့တွင် အခြားသော တိုင်းရင်းသား ညီအစ်ကို မောင်နှမများနှင့်အတူ နိုင်ငံရေးအာဏာ တန်းတူညီမျှမှုရှိသောဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရန် အတွက် လက်တွဲဆောင်ရွက် လျက်ရှိပါသည်။ ကရင်နီပြည်သည် အကြမ်းဖက် စစ်တပ်၏ နိုင်ငံရေး၊သံတမန်ရေးနှင့် စစ်ရေး ဖိနှိပ်မှုများအပြင် လေကြောင်းတိုက်ခိုက်မှုများကို နေ့စဉ်နှင့်အမျှ ပြင်းထန်စွာ ရင်ဆိုင်နေရသော်လည်း ကရင်နီအမျိုးသားထု တစ်ရပ်လုံးသည် ကရင်နီပြည်၏ ကြားကာလအစီအမံပါ နိုင်ငံရေးဦးတည်ချက်နှင့် နိုင်ငံရေးပန်းတိုင်များအတိုင်း ကြံ့ကြံ့ခံ လျှောက်လှမ်းလျက် ရှိပါသည်။

ကရင်နီပြည်လူထုတစ်ရပ်လုံး၏ တော်လှန်အင်အားဖြင့် တွန်းလှန်တိုက်ပွဲဝင်မှုများကြောင့် မိမိတို့ ကရင်နီပြည်သည် အတိုင်းအတာတစ်ခုအထိ အုပ်ချုပ်ရေးယန္တရားများ တည်ဆောက်နိုင်ပြီး အားရစရာ ကောင်းသည့် အခြေအနေတစ်ရပ်သို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေး ကောင်စီအနေဖြင့် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ၏ နိုင်ငံရေးဦးဆောင်မှုနှင့်အတူ ကရင်နီပြည် ပြည်သူပြည်သားများ၊ နိုင်ငံရေးအင်အားစုများ၊ တော်လှန်ရေးတပ်ပေါင်းစု၊ လူထုတော်လှန်ရေးတွင် ကျရာကဏ္ဍ အသီးသီးမှ ပါဝင်နေကြသော အစုအဖွဲ့များနှင့် ပူးပေါင်းကာ ကရင်နီပြည်၏ နိုင်ငံရေး ရည်မှန်းချက်များ အထမြောက် အောင်မြင်ရေး ဆက်လက် ကြိုးပမ်း အကောင်အထည်ဖော်သွားမည်ဟု ကတိပြုလျက် (၁၅၀)နှစ်မြောက် ကရင်နီအမျိုးသားနေ့ ဂုဏ်ပြု သဝဏ်လွှာကို ပေးပို့အပ်ပါသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ