၂၀၂၅ခုနှစ် ၊ ဇူလိုင်လ(၉)ရက် ၂ဝ၂၅ခုနှစ်အတွင်း ကရင်နီပြည်တွင် တရားမဝင် အကြမ်းဖက်စစ်တပ်၏ စစ်ရာဇဝတ်မှုကျူးလွန်မှုများ ၂၀၂၅ ခုနှစ်၊ ဇူလိုင်လ (၇) ရက်တွင် တရားမဝင်အကြမ်းဖက်စစ်တပ်က ဖယ်ခုံမြို့နယ်အတွင်းရှိ စစ်ရှောင်စခန်းတစ်ခုကို လေကြောင်းတိုက်ခိုက်ခဲ့သောကြောင့် (၄) နှစ်အရွယ် ကလေးငယ်အပါအဝင် မိသားစု (၃) ဦး သေဆုံးခဲ့ရပြီး ကိုယ်ဝန်ဆောင်မိခင်တစ်ဦးအပါအဝင် အပြစ်မဲ့ပြည်သူ (၅) ဦး ထိခိုက်ဒဏ်ရာရခဲ့သည်။ တရားမဝင် အကြမ်းဖက်စစ်တပ်၏ အပြစ်မဲ့ပြည်သူများအား ပစ်မှတ်ထားတိုက်ခိုက်မှုများသည် နိုင်ငံတကာဥပဒေများကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ စစ်ရာဇဝတ်မှုများကျူးလွန်နေခြင်းပင်ဖြစ်သည်။
၂၀၂၁ ခုနှစ်၊ စစ်အာဏာသိမ်းပြီးနောက်တွင် လူ့အခွင့်အရေးချိုးဖောက်မှုများကို ပိုမိုကြီးမားစွာကျူးလွန်လာခဲ့သော တရားမဝင်အကြမ်းဖက်စစ်တပ်သည် ကရင်နီပြည်အတွင်း အပြစ်မဲ့ပြည်သူများအား တမင်တကာအကြံအရွယ်ဖြင့် ပစ်မှတ်ထား၍ တိုက်ခိုက်မှုများကို ယခင်တည်းကပြုလုပ်ခဲ့၊ လက်ရှိတွင်လည်းပြုလုပ်နေဆဲဖြစ်သည်သာမက ၂၀၂၅ ခုနှစ်အတွင်း ပြည်သူများအား ပစ်မှတ်ထား၍ လေကြောင်းတိုက်ခိုက်ခြင်းနှင့် လက်နက်ကြီးပစ်ခတ်ခြင်းများကို ပိုမိုတိုးမြှင့် ဆောင်ရွက်လာသည်။
၂၀၂၅ ခုနှစ်အတွင်းတွင် တရားမဝင်အကြမ်းဖက် စစ်တပ်၏လေကြောင်းတိုက်ခိုက်မှုများကြောင့် ပြည်သူ(၃၃) ဦး သေဆုံးခဲ့ပြီး (၉၄) ဦး ထိခိုက် ဒဏ်ရာရခဲ့သည်။ သေဆုံးသူများတွင် အမျိုးသား (၁၅) ဦး၊ အမျိုးသမီး (၉) ဦးနှင့် ကလေး (၂) ဦးနှင့် အချက်အလက် အတိအကျ မသိ ရသူ (၇) ဦးပါဝင်သည်၊၊
လက်နက်ကြီးပစ်ခတ်ခြင်းများနှင့် ဒရုန်းဗုံးကြဲ ခြင်း၊ အပြစ်မဲ့ပြည်သူကို ပစ်ခတ်ခြင်း၊ မိုင်းနင်းမိခြင်း များကြောင့် ၂၀၂၅ ခုနှစ် နှစ်စမှ ယနေ့အထိ ပြည်သူ (၂၉) သေဆုံးကာ (၁၁၄) ဦး ထိခိုက်ဒဏ်ရာရခဲ့ရသည်။ သေဆုံးသူများတွင် အမျိုးသား (၁၈) ဦး၊ အမျိုးသမီး (၃) ဦးနှင့် ကလေး (၆) ဦးပါဝင်ကာ အချက်အလက် အတိအကျမသိရသူ (၂) ဦးပါဝင်သည်။
တရားမဝင်အကြမ်းဖက်စစ်တပ်သည် ကရင်နီပြည်အတွင်း အရပ်သားပြည်သူများကို ပစ်မှတ်ထားကာ စစ်ရာဇဝတ်မှုများ ကျူးလွန်နေသည်သာမက ပြည်သူ့နေအိမ်များအား မီးရှို့ ဖျက်ဆီးကာ ပြည်သူများ၏ အခြေခံစားဝတ်နေရေး အတွက် ကုန်စည်စီးဆင်းမှုများကိုလည်း ပြတ်တောက်စေရန် ရည်ရွယ်ချက်ရှိရှိဖြင့် ယာဉ်လမ်းကြောင်း များ ပိတ်ဆို့ခြင်း၊ ပြည်သူအများနေထိုင်ရာ ဒေသများသို့ စစ်ဆင်ရေးများ အကြိမ်ကြိမ်ပြုလုပ်ခြင်းတို့ကို ဆောင်ရွက်နေခြင်းမှာ ကရင်နီပြည်သူများအား ပစ်မှတ်ထားကာ လူမျိုးသုဉ်းသတ်ဖြတ်မှုဆောင်ရွက်ရန် ကြိုးပမ်းနေခြင်းပင်ဖြစ်သည်။ ထို့ကြောင့် နိုင်ငံတကာအနေဖြင့် စစ်ရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ ဘာသာရေးအဆောက်အဦးများကို လေကြောင်းတိုက်ခိုက်ခံ ရခြင်းမှရပ်တန့်နိုင်ရန် တရားမဝင်အကြမ်းဖက်စစ်တပ်၏ လေယာဉ်ဆီရရှိမှုလမ်းကြောင်းကို ဖြတ်တောက်ခြင်း အရပ်သားပြည်သူများအတွက် စစ်မဲ့ဇုံ (Safe Zone) သတ်မှတ်ပေးခြင်းစသည်တို့ကို ဆောင်ရွက်ပေးရန်နှင့် စစ်ရာဇဝတ်မှုများ ကို ကျူးလွန်နေသော တရားမဝင်အကြမ်းဖက်စစ်တပ်အား ထိရောက်သော အရေးယူရန် အထူးတောင်းဆိုအပ်ပါသည်။
ပြည်သူ့ဆက်ဆံရေးနှင့် ပြန်ကြားရေးကော်မတီ