An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

Karenni National Resistance Day

(၇၇) ကြိမ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေးနေ့ အခမ်းအနားသို့ ပေးပို့သည့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၏ ဂုဏ်ပြုသဝဏ်လွှာ

၁။ ယနေ့သည် ကရင်နီ တစ်မျိုးသားလုံးလွတ်လပ်ရေး၊ တန်းတူညီမျှရေးနှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်အတွက် တိုက်ပွဲဝင်ခဲ့သည်မှာ နှစ်ပေါင်း (၇၇) နှစ်ပြည့်ခဲ့ပြီဖြစ်ပါသည်။ (၇၇) နှစ်တာကာလအတွင်း အသက်နှင့် ကိုယ်လက်အင်္ဂါပေးဆပ်ပြီး တိုက်ပွဲဝင်ခဲ့ကြသည့် အာဇာနည်သူရဲကောင်းများကို အောက်မေ့သတိရ ဂုဏ်ပြုရမည့် နေ့ဖြစ်သည့်အတွက် ကရင်နီပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သော နေ့တစ်နေ့လည်း ဖြစ်ပါသည်။

၂။ ခေတ်အဆက်ဆက်အုပ်ချုပ်ခဲ့သည့် အာဏာရှင်များသည် မဟာလူမျိုးကြီးဝါဒ၊ အစွန်းရောက် ဘာသာရေးဝါဒနှင့် စစ်ဝါဒများကိုလက်နက်အဖြစ်အသုံးပြုပြီး မိမိတို့၏ လူမျိုး၊ စာပေ၊ ယဉ်ကျေးမှုနှင့် ကရင်နီ၏သမိုင်းဆိုင်ရာများကို မှေးမိန်သွားစေရန် ပျောက်ကွယ်သွားစေရန်အတွက် နည်းလမ်း အမျိုးမျိုးအသုံးပြုကာ ၎င်းတို့၏ စစ်ဗျူရိုကရေစီယန္တရားအောက် ကျရောက်စေရန် ဆောက်ရွက်ခဲ့ သည်။ ထိုအခြေအနေများအောက်မှ ကရင်နီအမျိုးသားများ၏ ခိုင်မာသောတော်လှန်ရေးခံယူချက်များ ဖြင့်စတင်လာခဲ့သည့် ကရင်နီအမျိုးသားခုခံတော်လှန်ရေးသည် ၂၀၂၁ ခုနှစ်တကျော့ပြန်အာဏာသိမ်း ကာလမှ ယနေ့အထိ အရှိန်မလျော့ဆက်လက်တိုက်ပွဲဝင်လျက်ရှိပြီး ကရင်နီပြည်သူများ လိုလားသော နိုင်ငံရေးတန်းတူညီမျှမှုရသည့် အချိန်အထိ ဆက်လက်ချီတက်ကြရအုန်းမည်ဖြစ်သည်။

၃။ ကရင်နီအပါအဝင် တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် အကြမ်းဖက်စစ်တပ်သည် လူ့အခွင့်ရေး ချိုးဖောက်မှု၊ စစ်ရာဇ၀တ်ကျူးလွန်မှုများကို နေ့စဉ်ရက်ဆက်ပြောင်ပြောင်တင်းတင်းကျူးလွန်လျက်ရှိပြီး ၂၀၂၅ ခုနှစ် ကရင်နီတွင် လေကြောင်းပစ်ခတ်မှုအကြိမ်ရေ (၃၂)ကြိမ် ရှိပြီး ဒဏ်ရာရရှိသူ (၉၈) ဦးနှင့် သေဆုံးသူ စုစုပေါင်း (၃၃) ဦးထိရှိခဲ့ပါသည်။ အကြမ်းဖက်စစ်တပ်သည် ၎င်းတို့ကျူးလွန်မှုများအပေါ် တာဝန်ခံရမည်ဖြစ်သည်။

၄။ ထို့အတွက်ကြောင့် မိမိတို့ကရင်နီအမျိုးသားများအနေဖြင့် ယခုထက်ပိုမိုစုစည်းကျစ်လစ်သော စုဖွဲ့မှု၊ စစ်ရေး၊ အုပ်ချုပ်ရေးလုပ်ငန်းများတွင် စနစ်ကျသောစီမံခန့်ခွဲမှုနှင့် ပူးပေါင်းဆောင်ရွက်မှု၊ ထို့အပြင် အားလုံးပါဝင်သော (Inclusive) ပူးပေါင်းဆောင်ရွက်မှုများဖြင့် ဟန်ချက်ညီညီဆက်လက် ချီတက်ကြရန် လိုအပ်ပါသည်။ ထိုမှသာ ခေတ်အဆက်ဆက် ခုခံတော်လှန်ရင်း တိုက်ပွဲဝင် အသက်ပေးဆပ်သွားခဲ့ ရသည့် အာဇာနည်သူရဲကောင်းများ အပေါ်တာဝန်ကျေမည်ဖြစ်ပါသည်။ လက်ရှိအခင်းအကျင်းထက် မလျော့သောပါဝင်မှု၊ စိတ်ရှည်သည်းခံမှုများ အဖွဲ့အစည်းအသီးသီး၏ တာဝန်ယူ၊တာဝန်ခံမှုများက မိမိတို့ လိုလားသည့် စနစ်အပြောင်းအလဲကို ဦးတည်သည့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် အကျိုးရလဒ်များဖြစ်လာမည်ဟုယုံကြည်လျက် (၇၇) ကြိမ်မြောက် ကရင်နီအမျိုးသားခုခံတော်လှန်ရေး နေ့ သဝဏ်လွှာအား ပေးပို့လိုက်ပါသည်။

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ