မိဘပြည်သူများသို့ အသိပေးပန်ကြားချက်
၂၀၂၃ ခုနှစ်၊ နိုဝင်ဘာလ (၁၁) ရက်၊ နံနက် (၅) နာရီမှ စတင်၍ ကရင်နီပြည်အတွင်း စစ်အာဏာရှင်ချုပ်ငြိမ်းရေး လှုပ်ရှားမှုအစိတ်အပိုင်းတစ်ခုအဖြစ် 1111 (တစ်လေးလုံး) စစ်ဆင်ရေးကို ကရင်နီပြည်အတွင်းရှိ တပ်ပေါင်းစုများနှင့် မဟာမိတ်အဖွဲ့များက ပူးပေါင်း ဖော်ဆောင်နေပါသည်။ စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှ ချုပ်ငြိမ်းရေးကို ဦးတည်လျှက် အာဏာသိမ်းစစ်ကောင်စီ၏ အုပ်ချုပ်ရေးယန္တရားများ အလုံးစုံ ပြိုလဲပျက်စီးရေးဟူသော စစ်ဆင်ရေး ရည်မှန်းချက်ဖြင့် ဖော်ဆောင်ခြင်း ဖြစ်သည်။
လွိုင်ကော်မြို့အနီးတဝိုက်နှင့် ဆက်စပ်ရာ ရပ်ကွက်/ရွာအုပ်စုများဖြစ်ကြသည့် ချိကယ်ကျေးရွာ၊ နွားလဝိုးကျေးရွာ၊ နိုးကိုးကျေးရွာ၊ ဒေါပေါ်ကလဲကျေးရွာနှင့် ကုန်းသာကျေးရွာတို့အပြင် မိုးဗြဲမြို့တို့တွင် တိုက်ပွဲများ ပိုမိုပြင်းထန်လာနိုင်ပါသည်။ ထို့အပြင် လွိုင်ကော်မြို့အနီးတဝိုက်သည်လည်း စစ်ဇုန်အဖြစ်သို့ ပြောင်းလဲလာနိုင်သည်ဖြစ်၍ မိဘပြည်သူများ အနေဖြင့် ပိုမိုဘေးကင်းလုံခြုံသည့် နေရာများသို့ ရွေ့ပြောင်းရန် လိုအပ်နိုင်သည်။
သို့ဖြစ်ရာ တစ်နိုင်တစ်ပိုင် စားနပ်ရိက္ခာများနှင့် ဆေးဝါးများပြင်ဆင်ထားရှိ၍ ဘေးကင်း လုံခြုံသည့် အရပ်ဒေသများတွင် ပြောင်းရွေ့ခိုလှုံနိုင်ရေး အဆင်သင့်ပြုလုပ်ထားကြရန် တိုက်တွန်း အကြံပြုသည်။ လတ်တလော ပြောင်းရွေ့ရန် အခက်အခဲရှိနေသည့် မိဘပြည်သူများအနေဖြင့် ပြင်ပသို့ သွားလာလှုပ်ရှားမှု မပြုလုပ်ကြရန်နှင့် မိမိတို့ နေအိမ်အတွင်း အကာအကွယ်ရှိသည့် နေရာများတွင်သာ လုံခြုံရေးသတိဖြင့် နေထိုင်ကြရန်ဖြစ်သည်။
စစ်ဆင်ရေး အခြေအနေနှင့် ပတ်သက်၍ သိအပ်သည့် သတင်းအချက်အလက်များကို သက်ဆိုင်ရာ စစ်ဆင်ရေးတာဝန်ရှိသူများက အချိန်နှင့်တစ်ပြေးညီ ထုတ်ပြန်ပေးမည်ဖြစ်သည်။ မိဘပြည်သူများ ဘေးကင်းလုံခြုံစွာ ပြောင်းရွေ့နိုင်ရေးအတွက် သက်ဆိုင်ရာ တပ်ပေါင်းစုများ၊ မဟာမိတ်အဖွဲ့များနှင့် ညှိနှိုင်း၍ စီစဉ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း အသိပေးပန်ကြားအပ်ပါသည်။
ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ