ကရင်နီပြည် လူထုတော်လှန်ရေးတိုက်ပွဲများတွင် ရှေ့တန်းမှ ဦးဆောင်ပါဝင်ခဲ့သည့် ကရင်နီပြည် အတိုင်ပင်ခံကောင်စီ (KSCC) ဥက္ကဋ္ဌ၊ ကရင်နီအမျိုးသားတိုးတက်ရေးပါတီ (KNPP) အထွေထွေအတွင်းရေးမှူး ဦးအောင်ဆန်းမြင့်သည် ၂၀၂၆ ခုနှစ်၊ ဩဂုတ်လ (၃၀) ရက်၊ မြန်မာစံတော်ချိန် မွန်းလွဲ (၂း၃၀) နာရီတွင် ကွယ်လွန်အနိစ္စရောက်ရှိသွားကြောင်း ကြားသိရသည့်အတွက် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ အနေဖြင့် နှိုင်းယှဉ်၍မရနိုင်သော ဝမ်းနည်းကြေကွဲမှုကို ခံစားရပါသည်။
ဦးအောင်ဆန်းမြင့်သည် မိမိ၏တစ်သက်တာ တော်လှန်ရေးခရီးကြမ်းတစ်လျှောက်လုံးတွင် ကရင်နီပြည်သူလူထုအတွက် တော်လှန်ရေးတာဝန်များကို ကျရာကဏ္ဍမှ ကိုယ်ကျိုးစွန့် အနစ်နာခံ ဦးဆောင်ခဲ့သော စံပြခေါင်းဆောင်ကောင်းတစ်ဦး ဖြစ်ပေသည်။ ၎င်း၏ တိကျမှန်ကန်သော လမ်းညွှန်မှုများ၊ ပြတ်သားထက်မြက်သည့် ဆုံးဖြတ်ချက်များနှင့် ကရင်နီမြေအပေါ် ထားရှိသည့် သစ္စာတရားတို့မှာ ကရင်နီအမျိုးသားလွတ်မြောက်ရေးသမိုင်းတွင် ဘယ်သောအခါမှ မှေးမှိန်ပျောက်ကွယ်သွားမည် မဟုတ်ဘဲ အဓွန့်ရှည်စွာ ထင်ကျန်ရစ်နေမည် ဖြစ်ပါသည်။
လူထုတော်လှန်ရေး အရှိန်မြှင့်မားနေစဉ်ကာလတွင် ဤကဲ့သို့သော ခေါင်းဆောင်ကောင်းတစ်ဦးကို ဆုံးရှုံးလိုက်ရခြင်းသည် ကွယ်လွန်သူ၏ မိသားစုဝင်များ နှင့် မိခင်အဖွဲ့အစည်းဖြစ်သည့် ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (KNPP) အတွက်သာမက ကရင်နီပြည်အတွက်ပါ အစားထိုး၍မရနိုင်သော နစ်နာဆုံးရှုံးမှုကြီး ဖြစ်စေခဲ့ပါသည်။
သို့ဖြစ်ပါ၍ ဤဝမ်းနည်းကြေကွဲဖွယ်အချိန်အခါသမယတွင် ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီအနေဖြင့် ကွယ်လွန်သူ ဦးအောင်ဆန်းမြင့်အား ရိုသေလေးမြတ်စွာ အလေးပြု ဦးညွတ်လျက်၊ ကျန်ရစ်သူ မိသားစုဝင်များနှင့် ထပ်တူထပ်မျှ ဝမ်းနည်းကြေကွဲရပါကြောင်း ဤဝမ်းနည်းကြောင်းသဝဏ်လွှာအား ထုတ်ပြန်အပ်ပါသည်။
ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)