An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အခမ်းအနားသို့ ပေးပို့သည့် သဝဏ်လွှာ

၁။     ၂၀၂၆ ခုနှစ်၊ မေလ (၃၁) ရက်နေ့တွင် ကျရောက်သည့် ကရင်နီအမျိုးသားများကာကွယ်ရေးတပ် (KNDF) တည်ထောင်ခြင်း (၅) နှစ်ပြည့် အချိန်အခါသမယတွင် ယနေ့တိုင် ကရင်နီပြည်သူလူထုနှင့်အတူ စစ်အာဏာရှင်စနစ်မှ လွတ်မြောက်ရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့် ရရှိရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရေးအတွက် ကဏ္ဍအသီးသီးမှ ကိုယ်ကျိုးစွန့် အနစ်နာခံ၍ တာဝန်ထမ်းဆောင်လျက်ရှိကြသည့် ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) မှ တပ်ဖွဲ့ဝင်များအားလုံး ဘေးအန္တရာယ်ကင်းဝေးပါစေကြောင်း ဦးစွာ ဆုမွန်ကောင်း တောင်းအပ်ပါသည်။

        ထို့အပြင် တော်လှန်ရေးခရီးလမ်းတစ်လျှောက် တိုက်ပွဲအသီးသီးတွင် အသက်ပေးလှူ၍ အမြင့်မြတ်ဆုံး ပေးဆပ်မှုများ ပြုလုပ်ခဲ့ကြသော KNDF တပ်ဖွဲ့ဝင် အာဇာနည်သူရဲကောင်းများအား လေးနက်စွာ ဂုဏ်ပြုမှတ်တမ်းတင် အပ်ပါသည်။ အလားတူ တိုက်ပွဲများအတွင်း ကိုယ်လက်အင်္ဂါများ ပေးဆပ်ခဲ့ကြရသည့် တပ်ဖွဲ့ဝင်များအားလည်း လေးစားဦးညွှတ် ဂုဏ်ပြုအပ်ပါသည်။

၂။     ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) သည် ပြည်သူလူထု၏ ထောက်ခံအားပေးမှု နှင့်အတူ အခက်အခဲ၊ စိန်ခေါ်မှု အမျိုးမျိုးကို ရင်ဆိုင်ကျော်လွှားခဲ့သည်မှာ (၅) နှစ်ပြည့်မြောက်ခဲ့ပြီ ဖြစ်သကဲ့သို့ ယနေ့တိုင် တော်လှန်ရေး မဟာမိတ်အင်အားစုများနှင့် လက်တွဲ၍ ရှေ့တန်းမှ စွမ်းစွမ်းတမံ တိုက်ပွဲဝင်လျက်ရှိပါသည်။ ထို့ကြောင့် KNDF ၏ စွမ်းဆောင်ရည်၊ ကြိုးစားအားထုတ်မှုနှင့် ပေးဆပ်မှုများကို အသိအမှတ်ပြု ဂုဏ်ယူပါကြောင်း ဖော်ပြလိုပါသည်။

        ထို့အပြင် တော်လှန်ရေးကာလအတွင်း ရရှိခဲ့သော အတွေ့အကြုံများနှင့် သင်ခန်းစာများကို အခြေခံ၍ ပြည်သူလူထုအပေါ် သစ္စာစောင့်သိသော၊ စစ်ဥပဒေစည်းမျဉ်းများကို လေးစားလိုက်နာသော၊ ပိုမိုခိုင်မာ တောင့်တင်းပြီး စနစ်ကျသော တပ်ဖွဲ့တစ်ရပ်အဖြစ် ဆက်လက် ဖွံ့ဖြိုးတိုးတက် ရပ်တည်နိုင်စေရန် ဆန္ဒပြု တိုက်တွန်းအပ်ပါသည်။

၃။     ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် (KNDF) အနေဖြင့် မိမိတို့ ချမှတ်ထားသော စစ်ရေး၊ နိုင်ငံရေး ရည်မှန်းချက်များ အောင်မြင်သည်အထိ ခိုင်မာစွာ ဆက်လက်လျှောက်လှမ်းနိုင်ပါစေကြောင်း၊ သမိုင်းမှတ်တမ်းကောင်းများစွာ ရေးထိုးနိုင်ပါစေကြောင်း ဆုမွန်ကောင်း တောင်းအပ်ပါသည်။ ထို့အတူ အနာဂတ် အသွင်ကူးပြောင်းရေးကာလနှင့် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကာလများတွင် ပြည်နယ်တပ်တစ်ရပ် ပေါ်ထွန်းရေးနှင့် ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု အုတ်မြစ်ခိုင်မာရေး လုပ်ငန်းစဉ်များ၌ အခြားသော မဟာမိတ်အင်အားစုများနှင့်အတူ အင်တိုက်အားတိုက် ပူးပေါင်းဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုရင်း ဤသဝဏ်လွှာကို ပေးပို့အပ်ပါသည်။

        “အကြမ်းဖက်စစ်တပ်၏ ဖိနှိပ်မှုများကို ဆက်လက်တွန်းလှန်တိုက်ပွဲဝင်လျက် အောင်ပွဲများစွာရရှိပါစေ”

ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)