An Official Website of Karenni State Interim Executive Council Here’s how you know
IEC official website links

Usually end with .ieckarenni.org

Our Trusted websites external link

Secure websites use HTTPS

Look for a lock icon (🔒) or a URL starting with https://.

Only share sensitive info on official, secure websites.

ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ

တရားဥပဒေစိုးမိုးရေး ကရင်နီ

တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်း၍ အများပြည်သူသို့ အရေးပေါ် အသိပေးကြေညာချက်

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
ကြေညာချက်အမှတ်၊ ( ၃ /၂၀၂၄ )
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၄) ရက်
တရားဥပဒေစိုးမိုးရေးနှင့် စပ်လျဉ်း၍ အများပြည်သူသို့ အရေးပေါ် အသိပေးကြေညာချက်
တော်လှန်ရေးကာလအတွင်း ကရင်နီပြည်တွင် လူမှုဘဝလုံခြုံပြီး မျှတစွာ ရှင်သန်ရပ်တည်ခွင့် ရှိစေရန် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC) သည် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) နှင့် ပူးပေါင်း၍ “တရားဥပဒေစိုးမိုးရေးစီမံချက်” တစ်ရပ် ချမှတ်ကာ အကောင်အထည်ဖော်သွားမည်ဖြစ်ကြောင်း ကရင်နီပြည် ပြည်သူလူထုအားလုံးကို အသိပေးအပ်ပါသည်။ ကရင်နီပြည်အတွင်း တရားဥပဒေစိုးမိုးရေးဆိုင်ရာ အကောင်အထည်ဖော်မှုတွင် ပြည်သူလူထုအနေဖြင့် အပြည့်အဝ ပူးပေါင်းဆောင်ရွက်ကြရန် လိုအပ်ပါသည်။ ပြည်သူလူထုများအနေဖြင့် အထူးစီမံ တားမြစ်သည့် လုပ်ငန်းများကို ရှောင်ကြဉ်ကြရန် သတိပေး နိုးဆော်ပါသည်။
ယခုအချိန်သည် ပြည်သူလူထုများအကြား လူမှုစီးပွားရေး အခက်အခဲများစွာရှိနေပြီး ဘဝရပ်တည် ရှင်သန်ရေးအတွက် ရုန်းကန်နေရသည့် ကာလဖြစ်သည်။ ထိုကဲ့သို့သော အခက်အခဲ စိန်ခေါ်မှုများ ရှိနေလင့်ကစား ပြည်သူလူထုကို ပိုမိုအကြပ်အတည်း ဖြစ်စေသည့်အပြင် တော်လှန်‌ရေးကို ပိုမိုအားနည်းစေသည့် ကြီးလေးသော ရာဇဝတ်မှုများနှင့် လူသားမဆန်သော ပြစ်မှုကျူးလွန်မှုများ ထူပြောလာနေသည်ကို တွေ့ရသည်။ ပကတိအခြေအနေတွင် ဖြစ်ပျက်နေသည့် တရားဥပဒေစိုးမိုးမှု အားနည်းခြင်းများက ပြည်သူများအပေါ် သွယ်ဝိုက်၍ သော်လည်းကောင်း၊ တိုက်ရိုက်သော်လည်းကောင်း အကျိုးသက်ရောက်မှုများ ရှိနေသည်။ ထိုသို့ဖြစ်သည်နှင့်အညီ တရားဥပဒေစိုးမိုးရေး၊ တည်ငြိမ်ရေးနှင့် တော်လှန်ရေး အားကောင်းစေရေးတို့ကို ရှေးရှုလျက် “တရားဥပဒေစိုးမိုးရေးစီမံချက်” ကို ချမှတ် ရခြင်းဖြစ်သည်။
သို့ဖြစ်ရာ ပြည်သူလူထုနှင့် အုပ်ချုပ်ရေးတာဝန်ရှိသူ အားလုံးတို့သည် ယခုစီမံချက်တွင် အတူလက်တွဲ၍ ပူးပေါင်းဆောင်ရွက်သွားရမည်။ စီမံချက်ပါ တားမြစ်ချက်များကို လိုက်နာခြင်းမရှိသည့် လူပုဂ္ဂိုလ်တစ်ဦးချင်းဖြစ်စေ၊ လုပ်ငန်းရှင်များနှင့် အသင်းအဖွဲ့များဖြစ်စေ ဥပဒေနှင့်အညီ ထိရောက်စွာ အရေးယူခြင်းခံရမည်ဖြစ်ပြီး လိုအပ်ပါက ရာဇဝတ်မှုနှိမ်နှင်းခြင်းဆိုင်ရာ အထူးစစ်ဆင်ရေးများကို ဖော်ဆောင်မည် ဖြစ်သည်။
အထူးတားမြစ်စီမံဆောင်ရွက်မည့် အကြောင်းအရာများ
၁) အထူးတားမြစ်သွားမည့် စိတ်ကိုပြောင်းလဲစေသော မူးယစ်ဆေးဝါးများ
(က) မက်သမ်ဖတမင်း (Methamphetamine) နှင့် ကဖိန်း (Caffeine) တို့ကို ပေါင်းစပ် အခြေခံထားသော ယာဘ (Ya Ba) ဆေးပြားများ၊
(ခ) အိုက်(စ်) (Ice)
(ဂ) ဘိန်းဖြူ၊
၂) အထူးတားမြစ်သွားမည့် တော်လှန်ရေးနှင့် လူမှုကျင့်ဝတ်နှင့်မညီသော လုပ်ငန်းများ
(က) လိင်ဖျော်ဖြေရေးလုပ်ငန်းများလုပ်ဆောင်ခြင်း၊
(ခ) ခွင့်ပြုချက်မရှိသည့် လက်နက်ခဲယမ်းများ ရောင်းဝယ်ခြင်း၊
(ဂ) အထူးတားမြစ်ထားသည့် မူးယစ်ဆေးဝါးများ သုံးစွဲခြင်း၊
(ဃ) အများပြည်သူနှင့် တော်လှန်ရေးကို ထိခိုက်စေသည့် ဆူညံမှု၊ မီးရောင်ပြမှု၊ မမှန်သတင်းဖြန့်ဝေမှုများနှင့် သတင်းပေးမှုများ၊
(င) အမျိုးသမီးများအပေါ် လိင်အကြမ်းဖက်မှုများနှင့် အစွန်းရောက် အကြမ်းဖက်ဖြစ်စေသည့် လုပ်ရပ်များ၊
(စ) တရားမဝင်အာဏာသိမ်းစစ်တပ်အတွက် ထောက်လှန်းရေး လုပ်ဆောင်ခြင်း၊
၃) အထူးတားမြစ်မည်ဖြစ်သည့် တပ်ဖွဲ့ဝင်များမဟုတ်သည့် တရားမဝင် လက်နက်များ ကိုင်ဆောင်မှု နှင့် လက်နက်ခဲယမ်းများ ရောင်းဝယ်ဖောက်ကားမှု
(က) မောင်းပြန် (အော်တို)နှင့် ဆီမီး (အော်တို) သေနတ်များ၊
(ခ) စစ်ဦးစီးအဖွဲ့ (ကာကွယ်ရေး) ၏ ခွင့်ပြုချက်မရဘဲ ရောင်းဝယ်နေသည့် လက်နက်များ၊
(ဂ) မှောင်ခိုနည်းဖြင့် ရောင်း၊ ဝယ်၊ စုဆောင်းထားသည့် ကျည်မျိုးစုံများ၊
(ဃ) တပ်ဖွဲ့၏ ခွင့်ပြုချက်မရဘဲ လက်နက်များ ကိုင်ဆောင်ခြင်း၊
မှတ်ချက်။ ။ ရပ်ရွာလူထုအတွင်း ကိုင်ဆောင်ထားသည့် ပစ္စတိုများ၊ တစ်ထောင့်ထိုး လက်နက်များ၊ ရိုးရာတူမီးသေနတ်များ၊ လေသေနတ်များ၊ လက်လုပ် လေသေနတ်များနှင့် စပ်လျဉ်း၍ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ၊ ကရင်နီပြည်တော်လှန်ရေးတပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့)၊ သက်ဆိုင်ရာ မြို့နယ် ကြားကာလအုပ်ချုပ်ရေးကောင်စီ/ကော်မတီတို့အကြား ညှိနှိုင်း၍ လက်နက် ခဲယမ်း စာရင်းကောက်ယူခြင်း၊ မှတ်ပုံတင်ခြင်းနှင့် စည်းကမ်းသတ်မှတ်ချက်များ ဖြင့် ကိုင်ဆောင်စေခြင်းတို့ကို ထိန်းသိမ်းကြပ်မတ်ဆောင်ရွက်သွားမည်။
၄) မြေပြင်နှင့် အွန်လိုင်းလောင်းကစားလုပ်ငန်းများ
(က) မြေပြင်လောင်းကစားရုံများ
(ခ) အွန်လိုင်းဂိမ်းများ (Online Game) ဖြစ်ကြသည့် Slot Game၊ ငါးပစ်ဂိမ်း၊ ရှမ်းကိုးမီးဂိမ်း၊ ဖဲဂိမ်း၊ ကျွဲဂိမ်း၊ ကြက်တိုက်ဂိမ်း စသည်တို့အပါအဝင် အခြားသော အွန်လိုင်းဂိမ်းများကို အသုံးပြု၍ စီးပွားဖြစ်လုပ်ဆောင်နေသော လောင်းကစားလုပ်ငန်းများ။
“တရားဥပဒေစိုးမိုးရေးစီမံချက်” နှင့် ပတ်သက်၍ ဤအသိပေးကြေညာချက် ထုတ်ပြန်သည့် ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၄) ရက် မှ ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၄) ရက်အထိ ပြည်သူများအကြား အသိပညာပေးမှုများ ဆောင်ရွက်မည် ဖြစ်သည်။ အသိပညာပေးကာလ ကုန်ဆုံးပြီး ၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၅) ရက်မှစ၍ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ (IEC)နှင့် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစုံ (စစ်ဦးစီးအဖွဲ့) တို့က စီမံချက်ပါ ပြဋ္ဌာန်းချက်များနှင့်အညီ “တရားဥပဒေ စိုးမိုးရေးဆိုင်ရာအလုပ်အဖွဲ့ (Task Force) နှင့် အထူးတပ်ဖွဲ့ (Special Force)” တို့ကို ဖွဲ့စည်းကာ ၎င်းတို့ကို ညွှန်ကြားချက်များနှင့် လုပ်ပိုင်ခွင့်များပေး၍ ထိရောက်စွာ ကိုင်တွယ်ဆောင်ရွက်စေမည် ဖြစ်ကြောင်း အသိပေး ကြေညာအပ်ပါသည်။
ကြားကာလ အုပ်ချုပ်ရေးကောင်စီ (IEC)
ကရင်နီပြည်⁩