ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
ပြည်သူ့ဆက်ဆံရေးနှင့်ပြန်ကြားရေးကော်မတီ
ထုတ်ပြန်ချက်အမှတ်၊( ၃/၂၀၂၅)
၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၈ ရက်
တရားမဝင်အာဏာသိမ်းစစ်တပ်၏လေကြောင်းတိုက်ခိုက်မှုအတွင်း အရပ်သား ပြည်သူများသေဆုံးမှုနှင့် ပတ်သက်၍ထုတ်ပြန်ချက်
၁။ ၂၀၂၅ ခုနှစ်၊ ဩဂုတ်လ ၁၇ ရက်နေ့တွင် ကရင်နီပြည် မော်ချီးဒေသရှိ အရပ်သားပြည်သူများနေထိုင်ရာ နေရာများကို စစ်လေယာဥ်များဖြင့် လေကြောင်း တိုက်ခိုက်မှုနှင့် မဆင်မခြင်ပစ်ခတ်မှုများကြောင့် အရပ်သားပြည်သူ (၃၂) ဦး သေဆုံးခဲ့ပြီး (၅) ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ပါသည်။ အဆိုပါတိုက်ခိုက်ခံခဲ့ရသော နေရာများမှပြည်သူတချို့ ပျောက်ဆုံးနေပါသေးသည်။ ၂၀၂၅ ခုနှစ်အတွင်း အကြမ်းဖက်စစ်တပ်အနေဖြင့် မော်ချီးဒေသတစ်ခုတည်းအား စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက် မှု (၁၁) ကြိမ်ခန့်ရှိနေပါသည်။
၂။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ အသက်ဆုံးရှုံးခဲ့ရသော အရပ်သားပြည်သူများ၏ ကျန်ရစ်သူ မိသားစုဝင်များနှင့်ထပ်တူ ဝမ်းနည်းကြေကွဲ ရပါသည်။
၃။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီသည် တရားမဝင်အာဏာသိမ်း စစ်တပ်၏ အပြစ်မဲ့ပြည်သူများအပေါ် ညှာတာမှုကင်းမဲ့စွာ လေကြောင်းဖြင့် ဗုံးကြဲတိုက်ခိုက်မှုများနှင့် လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်မှုများကို တုံ့ပြန်နိုင်ရေးအတွက် ပြည်သူများ၊ တော်လှန်ရေးအင်အားစုများနှင့်အတူ ပူးပေါင်း ဆောင်ရွက်သွားမည်ဖြစ်သည်။
၄။ ကုလသမဂ္ဂနှင့် အာဆီယံအပါအဝင် နိုင်ငံတကာအစိုးရများအနေဖြင့်လည်း တရားမဝင် အာဏာသိမ်းစစ်တပ်၏ ကြီးလေးသည့် စစ်ရာဇဝတ်မှု ကျူးလွန်နေမှုများ အပေါ်ထိရောက်စွာ အရေးယူနိုင်ရန် အလေးအနက်ထား တိုက်တွန်းပါသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ