၁။ အာဏာသိမ်းစစ်ကောင်စီအား ဆန့်ကျင်ပုန်ကန်တော်လှန်ခဲ့ကြသည့် နွေဦးတော်လှန်ရေးတွင် ကရင်နီပြည်နယ် တိုင်းရင်းသား ပြည်သူလူထု၏ တိုက်ပွဲသမိုင်းကား အထင်ကရ မော်ကွန်းထိုးနိုင်ခဲ့ပြီ။ အသက်၊ ဘဝ ပေါင်းများစွာ ပေးဆပ် ခဲ့ကြရသလို စစ်အာဏာရှင်၏ လူမဆန်သည့် ဖိနှိပ်ရက်စက်မှုများအား နောက်မဆုတ်တမ်း တိုက်ပွဲဝင်နေသည်မှာ ကရင်နီဒေသ လူထုတော်လှန်ရေး၏ လွတ်မြောက်ရေးတိုက်ပွဲဖြစ်သလို အနာဂတ် ဖက်ဒရယ်ဒီမိုကရက်တစ် တည် ဆောက်ရေးအတွက် အလွန်အရေးပါလှသည့် နိုင်ငံရေး၊ စစ်ရေး မျက်နှာတခု ဖြစ်ပါသည်။
၂။ ယနေ့အချိန်ကား တနိုင်ငံလုံး အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး မဏ္ဍိုင်ကြီး ၃ ရပ် ပျက်စီးယိုယွင်းနေသလို စီးပွားရေး၊ ပညာရေး၊ ကျန်းမာရေး အခြေအနေများမှာ တနေ့တခြား ဆိုးဝါးလာသည်နှင့်အမျှ ကရင်နီပြည် အပါအဝင် တိုင်းရင်းသား ပြည်သူလူထုကြီးတရပ်လုံး အထွေထွေအကြပ်တည်းကြီးနှင့် ရင်ဆိုင်နေရသည့်ကာလ ဖြစ်သည်။ အရင်းခံ အကြောင်းကား ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းမှု ဖြစ်သည်။
၃။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းတည်ထောင်လိုက်ခြင်းသည် ကရင်နီပြည်၏ နိုင်ငံရေးပြဌာန်း ချက်အရ တောင်းဆိုလာသည့် နိုင်ငံရေး လိုအပ်ချက်တရပ်ဖြစ်သည်။
၅။ ယခုဖြစ်ပေါ်လာသည့် ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီ၏ ရည်မှန်းချက်များဖြစ်သော –
စုပေါင်းခေါင်းဆောင်မှုများဖြင့် ကြားကာလ ပြည်နယ်အစိုးရတရပ်၏ အုပ်ချုပ်ရေးကို ဖော်ဆောင်သွားရန်၊ ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေးကဏ္ဍများ အပြန်အလှန်ထိန်းညှိပြီး ပြည်နယ်၏ တည်ငြိမ်အေးချမ်း ရေးကို ကြိုးပမ်းဖော်ဆောင်သွားရန် နှင့်
ပြည်နယ်အတွင်းရှိ အင်အားစုအသီးသီးနှင့် လက်တွေ့ကျစွာဖော်ဆောင်သွားရန် – ဆိုသည့်အချက်များမှာ ယနေ့ ကရင်နီပြည်နယ် တိုင်းရင်းသားပြည်သူလူထုကြီး၏ လိုလားတောင့်တချက်များအဖြစ် အလေးထားမှတ်ယူကြရမည် ဖြစ် သည်။
၆။ အမျိုးသားတန်းတူရေး၊ တရားမျှတရေးနှင့် ကိုယ်ပိုင်ပြဌာန်းခွင့်ရှိသည့် အနာဂတ်ဖက်ဒရယ်ဒီမိုကရက်တစ် ပြည် ထောင်စုတည်ဆောက်ရေးအတွက် အခြေခံအုတ်မြစ်ကောင်းများချမှတ်လျက် … ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေး ကောင်စီ၏ နိုင်ငံရေးရည်မှန်းချက်များ အောင်မြင်ပါစေ။
တည်ကြည်လေးနက်စွာဖြင့် –
ဗဟိုကော်မတီ
မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရက်တစ် တပ်ဦး – မကဒတ (ကျောင်းသားတပ်မတော်)
ရက်စွဲ ။ ၂၀၂၃ ခုနှစ်၊ ဇွန်လ ၁၂ ရက်။
ဗဟိုကော်မတီဌာနချုပ်ရုံး၊ မကဒတ။