ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီ
ဥက္ကဋ္ဌ ၏ နှစ်သစ်မိန့်ခွန်း
ချစ်ခင်လေးစားရပါသော မိဘပြည်သူများနဲ့ ရဲဘော်ရဲဘက်အားလုံးတို့ခင်ဗျား
ဒီ ၂၀၂၄ ခုနှစ်၊ နှစ်သစ်အစပြုမှုဟာ ကျနော်တို့မှစ၍ ပြည်သူတစ်ရပ်လုံးအတွက် စစ်အာဏာရှင် ဖိနှိပ်မှုအောက်ကနေ အလုံးစုံလွတ်မြောက်ပြီး ချမ်းသာရသော ကောင်းကြီးမင်္ဂလာ၊ ငြိမ်သက်ခြင်း၊ ဝမ်းမြောက်ခြင်းနဲ့ ပြည့်စုံရသော နှစ်သစ်ဖြစ်ပါစေလို့ ဦးစွာ ဆုတောင်းမေတ္တာပို့သအပ်ပါတယ်။
ကျနော်တို့အားလုံးဟာ မတရားတဲ့ ဖိနှိပ်ခံကျေးကျွန်ဘဝကနေ လွတ်မြောက်ရေး အတွက် မလျှော့သော ဇွဲ လုံ့လ ဝီရိယ အသက်၊သွေး၊ချွေးများ ရင်းနှီးမြှုပ်နှံပြီး မေတ္တာမျိုးစေ့တွေကြဲရင်း တိုက်ပွဲဝင်လာခဲ့ကြတာ ခရီးမှတ်တိုင်တခုအထိ ပေါက်ရောက် ခဲ့ပြီ ဖြစ်ပါတယ်။ ကျနော်တို့ မျှော်လင့်တောင့်တနေကြတဲ့ ဖက်ဒရယ် ဒီမိုကရေစီစနစ်ကို အခြေပြုတဲ့ ပြည်နယ်အဆင့်နဲ့၊ ပြည်ထောင်စုအဆင့်တွေက အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရားစီရင်ရေး လုပ်ငန်းစဉ်များဟာလည်း မိမိတို့သက်ဆိုင်ရာ နေရာဒေသအသီးသီးက ကြိုးပမ်းအားထုတ်မှုဟာ တဆင့်ပြီးတဆင့် ရုပ်လုံးပေါ်လာပြီး စတင် အသက်ဝင်နေပြီ ဖြစ်ပါတယ်။ ဒါတွေဟာ အားလုံးရဲ့ စိတ်အာသီဿပြင်းပြထက်သန်မှုနဲ့အတူ စည်းလုံး ညီညွတ်စွာ ပူးပေါင်းပါဝင်မှုတွေကြောင့်ပဲ ဖြစ်ပါတယ်။ နေရာဒေသပေါင်းစုံ၊ ကဏ္ဍ ပေါင်းစုံ၊ ဘက်ပေါင်းစုံကနေ စစ်ရေး၊ နိုင်ငံရေးအတွက် ပါဝင်နေကြသူအားလုံးကို လေးစားအသိအမှတ်ပြု ဂုဏ်ယူရသလို အထူးကျေးဇူးတင်ကြောင်းလည်း တပါတည်း ပြောကြားလိုပါတယ်။ ဒီအခြေအနေရောက်ရှိလာဖို့ အတွက် စွန့်လွတ်အနစ်နာခံပေးဆပ် ခဲ့ရသူ အားလုံးကို ဒီနေရာကနေ မှတ်တမ်းတင် ဂုဏ်ယူဦးညွှတ် အလေးပြု အပ်ပါတယ်။
ကျနော်တို့မျှော်မှန်းတဲ့ ပန်းတိုင်ကို ရောက်ရှိဖို့ မဝေးတော့သလို စိန်ခေါ်မှုများ ဆက်လက်ရှိနေသော်ငြားလည်း မကြာခင်မှာ အရပ်ရပ်ကနေ မိမိတို့ ဇာတိချက်မြှုပ်ရာ မွေးရပ်မြေကို မလွဲမသွေ ပြန်နိုင်ကြရတော့မှာပါ။ ဒါ ကြောင့် ဒီနှစ်သစ်တလျှောက်လုံးမှာ ကျနော်တို့အားလုံး မိမိတို့ ရှိတဲ့နေရာကနေ ဆက်လက်ပြီး စိတ်ဓါတ် ကြံ့ခိုင်မှုနဲ့အတူ တိုက်ပွဲဝင်ကြရင်း လှေခွက်ချည်းကျန် အလံမလှဲ၊ ငုပ်မိသဲတိုင်၊ တက်နိုင်ဖျားရောက် ဆိုတဲ့ ခံယူချက်တွေနဲ့ ဆက်လက်ပြီး အတူကြိုးစားရုန်းကန်ကြရအောင်လို့ တိုက်တွန်း ခွန်အားပေးချင်ပါတယ်။ ကျနော်တို့ ကရင်နီပြည်၊ ကြားကာလအုပ်ချုပ်ရေးကောင်စီ အနေဖြင့်လည်း ကရင်နီပြည်သူလူထုတွေရဲ့ ကြုံတွေ့နေရတဲ့ နေ့တဓူဝအခက်အခဲ အကြပ်အတည်းများ၊ ကင်းမဲ့နေတဲ့ ဘဝလုံခြုံရေး၊ ပညာရေး၊ကျန်းမာရေးနဲ့ ဘက်စုံ လိုအပ်မှုတွေကို ပြန်လည်အစပျိုးဖြည့်ဆည်းပေးနိုင်ဖို့ လွန်ခဲ့တဲ့ (၆)လကစပြီး ပြည်သူ တွေနဲ့ လက်တွဲပြီး အားသွန်ခွန်စိုက် ဆောင်ရွက်နေဆဲဖြစ်ပြီး တည်ငြိမ်အေးချမ်းတဲ့ လူ့ဘဝတခုကို ပြန်လည်တည်ဆောက်နိုင်ဖို့ အဆင့်လိုက် ချမှတ်အကောင်အထည်ဖော် ဆောင်နေကြောင်းကိုလည်း အသိပေးလိုပါတယ်။
နှစ်သစ်မှအစပြုပြီး တနှစ်တာလုံး ကျန်းမာကြပါစေ။ ဘေးကင်းလုံခြုံကြပါစေ။ မိသားစုဝင်များ မကြာခင်မှာ အတူတကွပြန်လည်ဆုံစည်းနိုင်တဲ့ အခွင့်ကို အမြန်ဆုံရရှိ ကြမယ်လို့ အထူးယုံကြည်မျှော်လင့်လျက် ဆုတောင်းမေတ္တာ ပို့သလိုက်ပါတယ် ခင်ဗျား။
နှစ်သစ်မင်္ဂလာအဖြာဖြာနှင့် ပြီးပြည့်စုံကြပါစေ…..