ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ဥက္ကဋ္ဌက ကရင်နီပြည်ကြားကာလ အုပ်ချုပ်ရေးကောင်စီ ဖွဲ့စည်းခြင်း တစ်နှစ်ပြည့် မိဘပြည်သူများထံသို့ ပြောကြားသည့် မိန့်ခွန်း
၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်
လေးစားရပါသော ကရင်နီပြည် မိဘပြည်သူများခင်ဗျား…
ကရင်နီပြည်နယ်၏ ကြားကာလအစီအမံ ပုဒ်မ (၃၂) အရ ကျွန်တော့်အနေနဲ့ တစ်နှစ်တာ ကာလအတွင်း ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီရဲ့ ဆောင်ရွက်ခဲ့သော ကိစ္စရပ်များ၊ ဆောင်ရွက်ဆဲကိစ္စရပ်များကို ပြည်သူအများ သိရှိစေဖို့ အစီရင်ခံတင်ပြခြင်း ဖြစ်ပါတယ်။ ပထမဦးစွာ ကရင်နီပြည်တစ်ဝှမ်းလုံးမှာ ရှိကြတဲ့ မိဘပြည်သူများအားလုံး၊ ဒုက္ခအခက်အခဲအမျိုးမျိုးကြောင့် မြန်မာနိုင်ငံအတွင်း အခြားသောဒေသတွေနဲ့ ပြည်ပနိုင်ငံတွေမှာ ရောက်ရှိနေကြတဲ့ ကရင်နီပြည် ပြည်သူပြည်သားများအားလုံး၊ ကရင်နီပြည်အတွင်း ကဏ္ဍစုံကနေ တော်လှန်ရေးအတွက် အင်တိုက်အားတိုက် အကူအညီပေးခဲ့ကြတဲ့ သူတွေအားလုံး ကိုယ်၏ ကျန်းမာခြင်း၊ စိတ်၏ ချမ်းသာခြင်းနဲ့ ပြည့်ဝကြပါစေကြောင်း ဆုမွန်ကောင်းတောင်းရင်း နှုတ်ခွန်းဆက်သလိုက် ပါတယ်။
ကျွန်တော်တို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီကို ဖွဲ့စည်း တာဟာ ၂၀၂၄ ခုနှစ်၊ ဇွန်လ (၆) ရက်၊ ဒီကနေ့မှာဆိုရင် တစ်နှစ်တင်းတင်း ပြည့်မြောက်ခဲ့ပြီ ဖြစ်ပါတယ်။ ဒီလို တစ်နှစ်ပြည့်တဲ့ အခါသမယမှာ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေး ကောင်စီနဲ့အတူ လက်တွဲဆောင်ရွက်ခဲ့ကြတဲ့ မိဘပြည်သူများကို ဦးထိပ်ထားလို့ ကျွန်တော်တို့ အုပ်ချုပ်ရေးကောင်စီရဲ့ ဆောင်ရွက်ပြီး ဆောင်ရွက်ဆဲ ကိစ္စတွေကို အကျဉ်းချူံးပြီး တင်ပြသွားမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ကရင်နီပြည်ဟာ အခက်အခဲ အကြပ်အတည်း စိန်ခေါ်မှု မြောက်မြားစွာ ရင်ဆိုင်နေရတဲ့ ကြားထဲမှာပဲ ကိုယ့်ကြမ္မာကို ကိုယ်ဖန်တီးခွင့်၊ တန်းတူညီမျှခွင့်၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် စတာတွေကို အခြေခံတဲ့ ဖက်ဒရယ်ဒီမိုကရေစီလမ်းကြောင်းကို လက်တွေ့ကျင့်သုံးနေတာဟာ တဖြည်းဖြည်းနဲ့ အရှိန်အဟုန် ရရှိလာနေပြီ ဖြစ်ပါတယ်။ တစ်နည်းအားဖြင့် ကရင်နီပြည်နယ်၏ ကြားကာလအစီအမံနဲ့အညီ ကျွန်တော်တို့ လိုလားတောင်းတတဲ့ အုပ်ချုပ်ရေး လမ်းကြောင်းအသစ်ကို စနစ်တကျ အုတ်မြစ်ချပြီး တည်ဆောက်နိုင်ခဲ့ပြီ ဖြစ်ပါတယ်။
တစ်နှစ်တာကာလအတွင်း ကျွန်တော်တို့ ကရင်နီပြည် ကြားကာလ အုပ်ချုပ်ရေးကောင်စီဟာ အောင်မြင်မှုတွေရှိခဲ့သလို စိန်ခေါ်မှုအခက်အခဲတွေလည်း အများအပြား တွေ့ကြုံရင်ဆိုင်ခဲ့ရပါတယ်။ ကျွန်တော်တို့ ကြားကာလ အုပ်ချုပ်ရေး ကောင်စီကို စောင့်ကြည့်မှုတွေ၊ မယုံကြည်မှုတွေ၊ သံသယဖြစ်မှုတွေလည်း မလွဲမသွေ ရှိနေမှာဖြစ်လို့ မိဘပြည်သူများနဲ့ လက်တွဲပြီး အများကြီး ကြိုးစားပြီး လုပ်ဆောင်ဖို့ လိုနေပါတယ်။ ကျွန်တော်တို့အားလုံးဟာ အာဏာရှင် အဆက်ဆက်ရဲ့ အုပ်ချုပ်မှုပုံစံ အမျိုးမျိုးအောက်မှာ အကြောက်တရားနဲ့ နေထိုင် လာခဲ့ကြရတဲ့သူတွေ ဖြစ်ပါတယ်။ တစ်နှစ်တာအတွင်း လက်တွေ့အကောင်အထည်ဖော်မှုတွေကို ထောက်ရှုပြီး မိဘပြည်သူ များအနေနဲ့ ဘယ်လိုသော ကြားကာလ အုပ်ချုပ်ရေးကောင်စီဖြစ်မလဲ ဆိုတာကို လေ့လာ သုံးသပ်မှုတွေ လုပ်နေကြမှာ ဖြစ်ပါတယ်။ အခုလို အကြပ်အတည်း ဖြစ်နေတဲ့ ကာလမျိုးမှာ အုပ်ချုပ်ရေးယန္တရားကို လည်ပတ်တဲ့အခါ အားသာချက်၊ အားနည်းချက်တွေ ရှိနေနိုင်ပေမယ့် ကရင်နီပြည်အတွက်သာမက တိုင်းရင်းသားညီအစ်ကိုတွေ မျှော်လင့်နေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုတည်ဆောက်ရေးအတွက် အခြေခံကျတဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုကို အုတ်မြစ်ချနေတာဖြစ်ကြောင်း ကျွန်တော်တို့ အလေးအနက် သိရှိခံယူထားပါတယ်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီလို့ပြောတဲ့အခါ “ညီညွတ်ခြင်း၊ စုပေါင်းခေါင်းဆောင်ခြင်းနဲ့ စုပေါင်းဆုံးဖြတ်ခြင်း၊ ပွင့်လင်းမြင်သာမှုရှိခြင်းနဲ့ တာဝန်ယူ တာဝန်ခံမှုရှိခြင်း၊ မတူကွဲပြားမှုနဲ့ လူနည်းစုအခွင့်အရေးများကို အသိအမှတ်ပြုခြင်း၊ အမျိုးသမီးပါဝင်ရေးကို သေချာခိုင်မာစေခြင်း” စတဲ့ အခြေခံစံတန်ဖိုးများနဲ့အညီ အားလုံး ပါဝင်တဲ့ အုပ်ချုပ်ရေးစနစ်တစ်ခုကို စုစည်း တည်ဆောက်နေတာ ဖြစ်ပါတယ်။ ဒါ့အပြင် ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေနဲ့ –
(၁) ကရင်နီပြည်၏ အုပ်ချုပ်ရေးကို ပြည်နယ်ကြားကာလအစီအမံနှင့်အညီ လက်တွေ့ အကောင်အထည်ဖော်ရန်၊
(၂) ပြည်သူလူထု၏ အသက်အိုးအိမ်စည်းစိမ်၊ ဘဝလုံခြုံရေးနှင့် အခြား အခြေခံ လိုအပ်မှုများကို ပြန်လည်ဖြည့်ဆည်းပေးရန်၊
(၃) ပြည်နယ်အတိုင်ပင်ခံကောင်စီ၏ လမ်းညွှန်ချက်နှင့်အညီ တရားဥပဒေ စိုးမိုးရေးနှင့် အသွင်ကူးပြောင်းရေးကာလ အစီအမံများကို စနစ်တကျ ချမှတ် ဖော်ဆောင်နိုင်ရန်၊
(၄) လူ့အခွင့်အရေး၊ ဒီမိုကရေစီရေး၊ အမျိုးသားတန်းတူရေးနှင့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်တို့ကို အာမခံသည့် ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ် တစ်ခုအဖြစ် ပါဝင်နိုင်ရန်၊
(၅) ဖက်ဒရယ်ပြည်ထောင်စုအဖွဲ့ဝင် ပြည်နယ်တစ်ခု၏ ကျင့်သုံးရမည့် ကိုယ်ပိုင် ပြဋ္ဌာန်းခွင့်နှင့်အညီ အုပ်ချုပ်ရေးစနစ်ကို အစပျိုး၍ လက်တွေ့ အကောင်အထည်ဖော်ရန်၊…
ဆိုတဲ့ ဦးတည်ချက် (၅) ရပ်နဲ့အညီ တစ်နှစ်တာအတွင်း မြို့နယ် (၈) မြို့နယ်မှာ ပါဝင်သင့်ပါဝင်ထိုက်သော ပြည်သူ့ကိုယ်စားလှယ်တွေနဲ့ အင်အားစုတွေ အားလုံး ပါဝင်တဲ့ ပြည်သူ့အခြေပြု အုပ်ချုပ်ရေး ယန္တရားကို ဖွဲ့စည်းနိုင်ခဲ့ပါတယ်။ မြို့နယ်အုပ် ချုပ်ရေး ကောင်စီနဲ့ မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကော်မတီတွေမှာ အဖွဲ့ဝင် (၇) ဦးကနေ (၉) အထိဖွဲ့စည်းပြီး၊ ပြည်သူလူထုက ရွေးကောက်တင်မြောက်တဲ့ ပြည်သူ့ကိုယ်စားလှယ် (၄) ဦးမှ (၆) ဦးအထိ ပါဝင်ပြီး၊ ဒေသတွင်း အခြေစိုက် တိုင်းရင်းသားတော်လှန်ရေး အဖွဲ့များမှ ကိုယ်စားလှယ် (၃) ဦးတို့နဲ့ စုပေါင်းခေါင်းဆောင်မှု အုပ်ချုပ်ရေးယန္တရားကို လက်တွေ့ ကျင့်သုံး လည်ပတ်နေပြီဖြစ်ပါတယ်။
ဒါ့အပြင် ဌာနပေါင်း (၈) ခု ဖွဲ့စည်းပြီး ပြည့်စုံ လုံလောက်မှုရှိတယ်လို့ မပြောနိုင် ပေမယ့် ကဏ္ဏအလိုက် ဝန်ဆောင်မှု လုပ်ငန်းတွေကို ပြည်သူလူထုထံ ဆောင်ကြည်း ပေးနိုင်ခဲ့ပါတယ်။
ပြည်သူ့လုံခြုံရေးနဲ့ တရားဥပဒေစိုးမိုးရေးကဏ္ဍတွေအတွက် ကရင်နီပြည် ရဲဌာနခွဲ (KSP) ကိုဖွဲ့စည်းပြီး အများပြည်သူ လုံခြုံမှုရေး၊ တရားဥပဒေစိုးမိုးရေးလုပ်ငန်းတွေကို ဆောင်ရွက်လျက်ရှိပါတယ်။ ကရင်နီပြည်တစ်ဝှမ်းမှာ ရဲစခန်း (၁၅) ခုနဲ့ ရဲကင်း (၁၀) ခု တို့ကို တိုးချဲ့ ဖွဲ့စည်းနိုင်ခဲ့ပြီး ရဲဝန်ထမ်း အင်အားပေါင်း (၅၈၅) ဦးကို ဖြည့်တင်း ခန့်အပ် တာဝန်ပေးနိုင်ခဲ့ပါတယ်။ ၂၀၂၄ ခုနှစ် အကုန်မှာ ရဲဝန်ထမ်းအင်အားပေါင်း (၁၀၀၀) ပြည့်မီဖို့ လျာထားပါတယ်။
ကျန်းမာရေးကဏ္ဍအနေနဲ့ ကျန်းမာရေးဌာနကိုဖွဲ့စည်းပြီး ကရင်နီပြည်အတွင်းမှာ ရှိတဲ့ ကျန်းမာရေး အစုအဖွဲ့တွေနဲ့ ပူးပေါင်း ဆောင်ရွက်ပြီး အခြေခံကျန်းမာရေး ဝန်ဆောင်မှုအပြင် ကုသရေးနဲ့ ကာကွယ်ရေးလုပ်ငန်းတွေကို ဆောင်ရွက်နိုင်ခဲ့ပါတယ်။ တစ်နှစ်တာ ကာလအတွင်း ကရင်နီပြည်တစ်ဝှမ်းမှာ ဆေးခန်းပေါင်း (၆၀) ကျော်နဲ့ ပြည်သူ့ ဆေးရုံ (၁) ရုံကို ဖွင့်လှစ်နိုင်ခဲ့ပါတယ်။ ဆေးရုံ၊ ဆေးခန်းတွေကနေ ပြည်သူနဲ့ တော်လှန်ရေး ရဲဘော်ပေါင်း (၅၀၀၀၀) ကျော်ကို ကုသမှုပေးနိုင်ခဲ့ပါတယ်။
ထို့အတူ ၂၀၂၃ – ၂၀၂၄ ခုနှစ်တွေ အတွင်းမှာ ကရင်နီပြည် အဝန်းအဝိုင်းအတွင်း ကလေးသူငယ်ပေါင်း (၇၀၀၀) ကို ကာကွယ်ဆေး နှစ်ကြိမ်ခွဲပြီး ထိုးနှံပေးနိုင်ခဲ့ပါတယ်။ ထိုထက်မက ကျေးလက်နေ ပြည်သူတွေအနေနဲ့ ကျန်းမာရေးဝန်ဆောင်မှုတွေကို လက်လှမ်းမီစေဖို့အတွက် ဆေးခန်းတွေကို တိုးချဲ့တာအပြင် နယ်လှည့်ဆေးကုမှု လုပ်ငန်းတွေကိုလည်း ဆောင်ရွက်လျက်ရှိပါတယ်။ ဒါ့အပြင် ထိခိုက်ဒဏ်ရာရရှိတဲ့ မသန်စွမ်း ပြည်သူတွေနဲ့ တော်လှန်ရေးရဲဘော်များအတွက် ခြေတုတပ်ဆင်ရေးတွေ၊ ခြေတုတပ်ဆင်ရေးဆိုင်ရာ အလုပ်ရုံနဲ့ နည်းပညာဆိုင်ရာ သင်တန်းဖွင့်လှစ်မှုတွေ၊ သူတို့တွေအတွက် လစဉ် စားနပ်ရိက္ခာပံ့ပိုးမှုတွေ စတာတွေကိုလည်း ကျန်းမာရေးဌာန ကနေပြီး ကြိုးပမ်း အကောင်အထည်ဖော်လျက် ရှိပါတယ်။
ပညာရေးကဏ္ဍအနေနဲ့ အခြေခံပညာ၊ အဆင့်မြင့်ပညာနဲ့ သက်မွေးပညာဆိုပြီး ကဏ္ဍ (၃) ခုနဲ့ အကောင်အထည်ဖော် လည်ပတ်လျက်ရှိပါတယ်။ အဆင့်မြင့် ပညာရေးကဏ္ဍမှာ လူငယ်တွေ ပညာရေးကို အဆက်မပြတ် ဆည်းပူးနိုင်ဖို့အတွက် ကရင်နီပြည် ယာယီတက္ကသိုလ်ကောင်စီနဲ့လက်တွဲလို့ ဝိဇ္ဇာတက္ကသိုလ်ကို ဖွင့်လှစ်နိုင်ခဲ့ ပါတယ်။ အခြေခံပညာရေးကဏ္ဍမှာလည်း မြို့နယ်အလိုက် ဖွဲ့စည်းထားတဲ့ ပညာရေး ဘုတ်အဖွဲ့တွေနဲ့ ချိတ်ဆက်ပြီး ကျေးရွာတွေနဲ့ စစ်ဘေးရှောင်စခန်းတွေမှာ ရှိတဲ့ အခြေခံပညာကျောင်းတွေကို ကူညီထောက်ပံ့တာတွေ၊ ဆရာ/ဆရာမ (၃၅၀၀) ဦး အတွက် ထောက်ပံ့ကြေး ပံ့ပိုးတာတွေ၊ ကိုယ်ထူကိုယ်ထကျောင်းတွေ ဖွင့်လှစ်နိုင်ဖို့ ပံ့ပိုး ကူညီတာတွေကိုလည်း ဆောင်ရွက်နိုင်ခဲ့ပါတယ်။
သက်မွေးပညာကဏ္ဍအနေနဲ့ သူနာပြုတက္ကသိုလ်နဲ့ ဆေးကောလိပ် ဖွင့်လှစ်မှု တွေကိုလည်း အသိအမှတ်ပြု အားပေးမြှင့်တင်မှုတွေ ပြုလုပ်နိုင်ခဲ့ပါတယ်။ ဒါ့အပြင် လက်မှု သက်မွေးပညာနဲ့ ဆက်စပ်တဲ့ သင်တန်းကျောင်းတွေကိုလည်း ပံ့ပိုးကူးညီနိုင် ခဲ့သလို မျိုးဆက်သစ်လူငယ်တွေ အဆက်မပြတ် လေ့လာဆည်းပူး သင်ယူနိုင်ဖို့ ဖွင့်လှစ်ထားတဲ့ လူငယ်စွမ်းရည်မြင့် သင်တန်းကျောင်း (Alternative Schools) တွေကိုလည်း အသိအမှတ်ပြု အားပေးကူညီလျက်ရှိပါတယ်။
လူသားချင်းစာနာထောက်ထားရေးကဏ္ဍမှာလည်း ရရှိလာတဲ့ ရန်ပုံငွေတွေနဲ့ အမှန်တကယ်လိုအပ်နေတဲ့ သူတွေဆီကို အကူအညီတွေ ရောက်ရှိနိုင်ဖို့ လူသားချင်းစာနာ ထောက်ထားရေးဆိုင်ရာ အကူအညီပေးရေးအဖွဲ့အစည်းတွေ၊ ဒေသအသီးသီးမှာ ရှိကြတဲ့ စစ်ဘေးရှောင်ကော်မတီတွေနဲ့ ပူးပေါင်းပြီး ဖော်ဆောင်ပေးလျက်ရှိပါတယ်။ တစ်နှစ်တာ အတွင်း အရေးပေါ်တုံ့ပြန်မှုနဲ့ စားနပ်ရိက္ခာ ဖြန့်ဝေမှုကို စစ်ဘေးရှောင်ဦးရေ (၁၅၀,၀၀၀) ဆီအထိ လက်လှမ်းမီ ဖြန့်ဝေနိုင်ခဲ့ပါတယ်။ ဒါ့အပြင် အရပ်သားကာကွယ်ရေးဆိုင်ရာ အသိပညာပေးမှုတွေ၊ အသက်ဆုံးရှုံးမှုနဲ့ ထိခိုက်ဒဏ်ရရှိခဲ့တဲ့ အရပ်သားပြည်သူတွေရဲ့ မိသားစုဝင်တွေအတွက် တတ်နိုင်သမျှ ပံ့ပိုးမှုတွေ၊ သောက်သုံးရေရှားပါးမှုဒဏ်ကို ခံစားနေကြရတဲ့ ပြည်သူတွေအတွက် ပံ့ပိုးမှုတွေ….. စတာတွေကိုလည်း ဆောင်ရွက်နိုင်ခဲ့ ပါတယ်။
အခုလို ဝန်ဆောင်မှုတွေ ဆောင်ရွက်နိုင်ဖို့အတွက် ငွေကြေးရန်ပုံငွေ ရရှိမှု အခြေအနေကိုလည်း အကျဉ်း တင်ပြလိုပါတယ်။ အခွန်ကောက်ခံမှုတွေကနေရရှိခဲ့တဲ့ ရန်ပုံငွေ၊ အမျိုးသားညီညွတ်ရေးအစိုးရကနေပြီး ထောက်ပံ့ပေးခဲ့တဲ့ ရန်ပုံငွေ၊ နိုင်ငံတကာအလှူရှင် အဖွဲ့အစည်းတွေကနေပြီး ပံ့ပိုးပေးခဲ့တဲ့ ရန်ပုံငွေ၊ တတိယနိုင်ငံ တွေမှာ အခြေချ နေထိုင်နေကြတဲ့ ကရင်နီလူမှုအသိုက်အဝန်းကနေပြီး ပံ့ပိုးပေးခဲ့တဲ့ ရန်ပုံငွေ၊ တစ်သီးပုဂ္ဂလ အလှူရှင်တွေက ပံ့ပိုးပေးခဲ့တဲ့ရန်ပုံငွေ စတာတွေကို စုပေါင်းလိုက်ရင် “၂၀၂၃ ခုနှစ်၊ ဇွန်လကနေ ၂၀၂၄ ခုနှစ်၊ မေလအတွင်း စုစုပေါင်း ရန်ပုံငွေ ရရှိမှုက ကျပ်ငွေသန်းပေါင်း (၈,၃၁၀) သန်း ဖြစ်ပြီး၊ ကဏ္ဍအသီးသီးအတွက် ကျပ်ငွေသန်းပေါင်း (၆,၁၈၇) သန်း” ကို ခွဲဝေ သုံးစွဲပြီးဖြစ်ပါတယ်။
ဒီလိုအခြေအနေတွေရောက်ရှိအောင်၊ အခုလိုမျိုး လုပ်ဆောင်နိုင်အောင် ကရင်နီ ပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ တစ်ခုထဲကပဲ ဆောင်ရွက်နေတာ မဟုတ်ပါဘူး။ မိဘပြည်သူတွေ အပါအဝင် ကရင်နီပြည် တော်လှန်ရေး တပ်ပေါင်းစု၊ ကရင်နီပြည် အရပ်ဖက်အဖွဲ့အစည်းတွေ၊ ကဏ္ဍစုံ၊ ဘက်ပေါင်းစုံကနေ တော်လှန်ရေးကို အားဖြည့်ပေး နေကြတဲ့ အင်အားစုတွေ၊ အာဏာဖီဆန်ရေး အကြမ်းမဖက်လှုပ်ရှားမှု (Civilian Disobedience) မှာ ပါဝင်ခဲ့တဲ့သူတွေ၊ နိုင်ငံရေးပါတီတွေ၊ ကရင်နီပြည် အတိုင်ပင်ခံ ကောင်စီ၊ ကရင်နီပြည်နယ် ကြားကာလလွှတ်တော်၊ ကရင်နီပြည်နယ် တရားစီရင်ရေး စတဲ့ မဏ္ဍိုင်အသီးသီးက စည်းလုံး ညီညွတ်စွာနဲ့ ပါဝင် ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။
အနာဂတ်ကရင်နီပြည်ကို တည်ဆောက်ဖို့အတွက် ရည်ရွယ်ပြီး ကြားကာလ အုပ်ချုပ်ရေးယန္တရားကို ဖော်ဆောင်ရာမှာ အပြန်အလှန် နားလည်မှု၊ ယုံကြည်မှု၊ အားလုံး ပူးပေါင်းပါဝင်ဆောင်ရွက်မှုတွေနဲ့ ဝိုင်းဝန်းကူညီကြဖို့ အင်မတန်အရေးကြီးပါတယ်။ မိဘ ပြည်သူများအနေနဲ့လည်း ကျွန်တော်တို့ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ ကို ထိန်းကျောင်းတည့်မတ်ပေးကြဖို့ တိုက်တွန်းပါတယ်။ ကျွန်တော်တို့အားလုံး မျှော်မှန်းနေကြတဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရာမှာ အခက်အခဲ စိန်ခေါ်မှုတွေ အများကြီး ကြုံတွေ့ကြရဦးမှာဖြစ်သလို စနစ်သစ်တစ်ခုအတွက် ရင်းနှီးပေး ဆပ်ကြရဦးမှာဖြစ်လို့ တစ်ဦးတစ်ယောက်ကောင်း၊ တစ်စုတစ်ဖွဲ့ကောင်းနဲ့ ရှေ့ဆက်ဖို့ မဖြစ်နိုင်ပါဘူး။ ဟန်ချက်ညီညီနဲ့ အားလုံးပူးပေါင်းပြီး အာဏာရှင်စနစ်ဆိုးကို တိုက်ဖျက် မှသာ အောင်မြင်မှု အသီးအပွင့်တွေ ရရှိမှာဖြစ်ပါတယ်။
နိဂုံးချုပ်အနေနဲ့ ပြောချင်တာကတော့ ဒါဟာ ကြားကာလအုပ်ချုပ်ရေး ကောင်စီရဲ့ တနှစ်တာ လုပ်ငန်းဆောင်ရွက်မှုအခြေအနေများကို အကျဥ်းချုပ် တင်ပြခြင်းပဲ ဖြစ်တာကြောင့် လူထုတော်လှန်ရေးကာလ (၃) နှစ်တာအတွင်း ပြည်တွင်း၊ ပြည်ပ တစ်သီးပုဂ္ဂလကအစ အဖွဲ့အစည်းအဆုံး စဥ်ဆက်မပြတ် တော်လှန်ရေးရဲ့ လိုအပ်ချက်တွေ ကို စေတနာအလျှောက် စိတ်အားထက်သန်စွာ ငွေကြေး၊ ပစ္စည်းထည့်ဝင် လှူဒါန်းပေးကြ၊ ပေးနေဆဲများအတွက် အားလုံးရဲ့ကိုယ်စား အထူးကျေးဇူးဥပကာရတင်ရှိပါကြောင်းနဲ့ ဒီတင်ပြချက်မှာ အထူးတလည် ထည့်သွင်းဖော်ပြနိုင်ခြင်း မရှိတာကိုလည်း နားလည်ပေး ပါရန် အနူးအညွှတ်တောင်းပန်အပ်ပါတယ်။ စနစ်သစ်၊ လူသစ်၊ ခေါင်းဆောင်သစ်၊ အနာဂတ်သစ်အတွက် အမြန်ဆုံးရောက်ရှိနိုင်ဖို့ အားလုံးအတူ ဆက်လက်ရုန်းကန် တိုက်ပွဲဝင် ကြပါစို့လို့ အားပေးတိုက်တွန်းနိုးဆော်ရင်း နိဂုံးချုပ်အပ်ပါတယ်။
မိဘပြည်သူများအားလုံး ဤဘေးအန္တရာယ်ကနေ ကင်းဝေးပြီး အမြန်ဆုံးဘဝသစ်ကို ပြန်လည်တည်ဆောက်နိုင်ကြစေဖို့ ဆုတောင်းပါတယ်။
ကျေးဇူးတင်ပါတယ်။
PDF ဖြင့်ဒေါင်းလုဒ်ရယူရန် –
⬇️ ဒေါင်းလုဒ်ရယူရန်