ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
ထုတ်ပြန်ကြေညာချက် အမှတ် ၅/၂၀၂၄
၂၀၂၄ ခုနှစ်၊ စက်တင်ဘာလ (၂၈) ရက်
၁။ တရားမဝင်အာဏာသိမ်းစစ်တပ်သည် ၂၀၂၀ ခုနှစ်၊ အထွေထွေရွေးကောက်ပွဲရလဒ်ကို ဆန့်ကျင်၍ လူထုထံမှအာဏာသိမ်းယူကာ စစ်ရာဇဝတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများကို စဉ်ဆက်မပြတ်ကျူးလွန်ခဲ့သည်။ စစ်ဘေးရှောင်စခန်းများ၊ စာသင်ကျောင်းများ၊ ပြည်သူ့ဆေးရုံများ၊ ဘာသာရေးအဆောက်အဦးများနှင့် ပြည်သူလူထုအိုးအိမ်များကို ပစ်မှတ်ထား၍ လက်နက်ကြီးနှင့် လေကြောင်းတို့ဖြင့် တိုက်ခိုက်မှုများကို မြန်မာနိုင်ငံအနှံ့ကျူးလွန်ခဲ့မှုကြောင့် ကလေးငယ်များနှင့် အမျိုးသမီးများအပါအဝင် အပြစ်မဲ့ပြည်သူအမြောက်အမြား ထိခိုက်သေဆုံးခဲ့ကြရသည်။
၂။ အကြမ်းဖက်အဖွဲ့ဖြစ်သည့် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ရက်စက်ကြမ်းကြုတ်မှုကို လူထုပေါင်းစုံမှ တက်ညီလက်ညီ ဆန့်ကျင်ကြသဖြင့် ၎င်းတို့၏အုပ်ချုပ်ရေးယန္တရားများမှာ တရားဝင်မှုမရှိတော့သည့်အပြင် ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ အာဏာတည်မှုမှာလည်း မြန်မာတစ်နိုင်ငံလုံးအတိုင်းအတာဖြင့် သက်ရောက်မှုမရှိတော့ပေ။ ထိုအခြေအနေတွင် တရားမဝင်အာဏာသိမ်းစစ်တပ်သည် ပြည်သူများအား အတင်းအဓမ္မစစ်မှုထမ်းစေခြင်း၊ သန်းခေါင်စာရင်းကောက်ယူရန် အားထုတ်လာခြင်း၊ နိုင်ငံရေးထွက်ပေါက်ရှာလို၍ ရွေးကောက်ပွဲပြုလုပ်ရန် ကြိုးပမ်းလာခြင်း၊ ဒီမိုကရေစီအင်အားစုများအကြား သွေးခွဲရန်ရည်ရွယ်ချက်ဖြင့် အတုအယောင်ငြိမ်းချမ်းရေး ကမ်းလှမ်းခြင်းစသောအချက်များ ပါဝင်သည့် ထုတ်ပြန်ချက်တစ်ခုကို ပြုလုပ်လာပါသည်။
၃။ တရားမဝင်အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက်သည် လက်ရှိ နိုင်ငံရေးအကြပ်အတည်းအတွက် အဖြေမဟုတ်ဘဲ ပြဿနာကိုပိုမိုဖန်တီးစေမည့် နိုင်ငံရေးအမြတ်ထုတ်မှုတစ်ခုဖြစ်သည်ဟု မိမိတို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီမှ ရှုမြင်သည်။ ထို့ကြောင့် ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီသည် တရားမဝင်အာဏာသိမ်းစစ်တပ်၏ ဖိတ်ခေါ်ချက်အပေါ် လက်ခံညှိနှိုင်းမည်မဟုတ်ဘဲ စစ်မှန်သောဖက်ဒရယ်စနစ်ဖြစ်ပေါ်ရေး ကြိုးပမ်းသွားမည်ဖြစ်ပြီး ကရင်နီပြည်အတွင်း ၎င်းတို့၏မတရားလုပ်ဆောင်မှုများကို တားမြစ်သွားမည်ဖြစ်သည်။
၄။ တခြားသောပြည်နယ်များနှင့် ဖက်ဒရယ်ယူနစ်များအနေဖြင့် လူထုဆန္ဒအတိုင်း ညီညွတ်စွာ ဆက်လက်ရပ်တည်ကြရန် တိုက်တွန်းထုတ်ပြန်လိုက်သည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ