ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
ထုတ်ပြန်ချက်အမှတ်၊ ၂/၂၀၂၅
၂၀၂၅ ခုနှစ်၊ မတ်လ (၈) ရက်
၁။ ကရင်နီပြည် ဖယ်ခုံမြို့နယ်၊ နားဟီးကျေးရွာအုပ်စု၊ အုန်တိုင်းကျေးရွာတွင် စစ်ဘေးရှာင် သီတင်းသုံးနေသော “ဖယ်ခုံမြို့၊ ရှမ်းကျောင်းဘုန်းတော်ကြီးကျောင်း၊ ကျောင်းထိုင်ဆရာတော် အရှင်ဓမ္မသရ (သက်တော် ၄၇ – နှစ်၊ ဝါတော် ၂၈ – ဝါ)” သည် ကပ္ပိယဖြစ်သူ အိုက်ဘီး (၄၀ – နှစ်) နှင့် အတူ ၂၀၂၅ ခုနှစ်၊ မတ်လ (၄) ရက် ညနေခင်းတွင် ပစ်ခတ်ခံခဲ့ရ၍ ပျံလွန်တော်မူသွားကြောင်းနှင့် ကပ္ပိယဖြစ်သူလည်း သေဆုံးသွားကြောင်း သိရှိရပါသည်။
၂။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီအနေဖြင့် မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ အပါအဝင် နယ်မြေခံ တော်လှန်ရေးတပ်ပေါင်းစုံနှင့် ပူးပေါင်းကာ ယခုဖြစ်စဥ်နှင့် စပ်လျဉ်း၍ အသေးစိတ် စုံစမ်းဖော်ထုတ်မှုများကို ဆောင်ရွက်သွားမည်ဖြစ်ပြီး တွေ့ရှိချက်များကို အများပြည်သူ သိရှိနိုင်ရန် ရှင်းလင်းချပြသွားမည် ဖြစ်သည်။
၃။ တရားမဝင်အာဏာသိမ်းစစ်တပ် သတင်းပေး (ဒလန်) ဟု ယူဆရသူများနှင့် လက်နက်ချ ဖမ်းဆီးရမိသော စစ်သုံ့ပန်းများကို ဥပဒေကြောင်းအရ တရားစီရင်မှုမပြုဘဲ လက်လွတ်စပယ် သတ်ဖြတ်ခြင်းသည် နိုင်ငံတကာ ဥပဒေပြဋ္ဌာန်းချက်များနှင့် သွေဖီသည့်လုပ်ရပ် ဖြစ်သည်။
၄။ ယခုဖြစ်ရပ်ကို အကြောင်းပြု၍ တရားမဝင်အာဏာသိမ်းစစ်တပ်မှ လူမျိုးရေး၊ ဘာသာရေး ပဋိပက္ခများ ပိုမိုကြီးထွားလာစေရန် ရည်ရွယ်ချက်ဖြင့် ဝါဒဖြန့်ချီမှုများ နည်းမျိုးစုံ ဖန်တီး ပြုလုပ်နေခြင်းကို ပြည်သူတိုင်း အထူး သတိထားကြရန် အရေးကြီးပါသည်။
၅။ ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ တရားမျှတမှုနှင့် အမှုမှန်ပေါ်ပေါက်ရေးအတွက် မြို့နယ်ပူးပေါင်းအုပ်ချုပ်ရေးကောင်စီ အပါအဝင် နယ်မြေခံ တော်လှန်ရေးတပ်ပေါင်းစုံနှင့် ပူးပေါင်း ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ပါသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ