၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီလ ၁ ရက်တွင် တရားမဝင် အာဏာသိမ်းစစ်တပ်သည် နိုင်ငံ့အာဏာကို မမှန်ကန်သော နည်းလမ်းဖြင့် အဓမ္မ သိမ်းပိုက်ခဲ့သည်။ ထိုအချိန်မှစ၍ စစ်ကိုင်းတိုင်းရှိ ပြည်သူများသည် မိမိတို့၏ အသက်သွေးချွေးများကို ရင်းကာ စစ်အာဏာရှင်နှင့် အာဏာရှင်ဟူသမျှကို တော်လှန် တိုက်ခိုက်နေကြသည်မှာ ယနေ့အထိ ဖြစ်သည်။
စစ်ကိုင်းတိုင်းအတွင်းရှိ တော်လှန်ရေးအင်အားစုအသီးသီးကို စုစည်း၍ အာဏာရှင်စနစ် ချုပ်ငြိမ်းရေး၊ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်နှင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရှိရေး၊ ဖက်ဒရယ်စနစ်ပေါ်ထွန်းရေးတို့ကို ဖော်ဆောင်ရန် ရည်မှန်းချက်ဖြင့် စုဖွဲ့ထားသည့် စစ်ကိုင်းဖိုရမ်ကို ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီမှ အသိအမှတ်ပြုပါသည်။
စစ်ကိုင်းဖိုရမ်စုဖွဲ့မှုမှတစ်ဆင့် စစ်ကိုင်းဒေသအတွင်းရှိ အင်အားစုအသီးသီးများ ပိုမိုကျစ်လစ်သော စုဖွဲ့မှု၊ ကိုယ်စားပြုမှုဖြင့် တော်လှန်ရေးကို ဆထက်ထမ်းပိုး ဦးဆောင်နိုင်ပါစေကြောင်းနှင့် စစ်ကိုင်း ဒေသအတွင်း လက်ရှိနိုင်ငံရေးဖြစ်ပေါ်တိုးတက်မှုမှတစ်ဆင့်လည်း အနာဂတ် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု တည်ဆောက်ရာတွင် နိုင်ငံရေးတန်းတူညီမျှမှုရှိသော ဖက်ဒရယ်ယူနစ်တစ်ခုအဖြစ် ပါဝင်နိုင်ရေးအတွက် ဆောင်ရွက်နိုင်ပါစေကြောင်း ဆန္ဒပြုလျက် ဤဂုဏ်ပြုသဝဏ်လွှာကို ပေးပို့အပ်ပါသည်။
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ