ကရင်နီပြည်အတွင်း မူးယစ်ဆေးဝါး သုံးစွဲမှု၊ ထုတ်လုပ်မှု၊ သယ်ဆောင်မှုနှင့် ရောင်းဝယ်ဖောက်ကားမှုများသည် ပြည်သူလူထု၏ လုံခြုံရေး၊ လူမှုဘဝနှင့် အထူးသဖြင့် လူငယ်လူရွယ်များ၏ အနာဂတ်ကို ခြိမ်းခြောက်လျက်ရှိသည့် အရေးကြီးသော လူမှုရေးပြဿနာတစ်ရပ် ဖြစ်ပါသည်။
ထို့ကြောင့် ကရင်နီပြည်အတွင်း မူးယစ်ဆေးဝါးအန္တရာယ်ကို ထိရောက်စွာ တားဆီးကာကွယ်နှိမ်နင်းနိုင်ရန်၊ ပြည်သူလူထု၏ လုံခြုံအေးချမ်းသော လူမှုပတ်ဝန်းကျင်တစ်ရပ် တည်ဆောက်နိုင်ရန်နှင့် လူငယ်မျိုးဆက်များ၏ အနာဂတ်ကို ကာကွယ်စောင့်ရှောက်နိုင်ရန် ရည်ရွယ်၍ ကာကွယ်ရေးဌာန၊ ကရင်နီတပ်ပေါင်းစုံစစ်ဦးစီးအဖွဲ့နှင့် ကရင်နီပြည်ရဲဌာနတို့မှ သက်ဆိုင်ရာ ဒေသန္တရအုပ်ချုပ်ရေးအဖွဲ့များနှင့် ပူးပေါင်းကာ “ကရင်နီပြည်အတွင်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး အစီအမံဆိုင်ရာ ညွှန်ကြားချက်” ကို ၂၀၂၆ ခုနှစ်၊ နိုဝင်ဘာလ (၁၂) ရက်နေ့တွင် သဘောတူညီထုတ်ပြန်လိုက်သည်။
အဆိုပါညွှန်ကြားချက်တွင် -
🔹 မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ သယ်ဆောင်မှု၊ ဖြန့်ဖြူးရောင်းချမှုများကို ထိရောက်စွာ တားဆီးနှိမ်နင်းရေး။
🔹 မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ပါဝင်ပတ်သက်သူများကို အဖွဲ့အစည်း၊ ရာထူးနှင့် အဆင့်အတန်းမခွဲခြားဘဲ သက်ဆိုင်ရာမူဝါဒနှင့် စည်းမျဉ်းစည်းကမ်းများအတိုင်း အရေးယူဆောင်ရွက်ရေး။
🔹 တော်လှန်ရေးအင်အားစုများ၊ ဌာနဆိုင်ရာဝန်ထမ်းများနှင့် အုပ်ချုပ်ရေးအဖွဲ့ဝင်များအနေဖြင့် မူးယစ်ဆေးဝါးလုပ်ငန်းများတွင် ပါဝင်ပတ်သက်ခြင်းနှင့် အကာအကွယ်ပေးခြင်းများကို တားမြစ်ရေး။
🔹 ပြည်သူလူထု၏ ပူးပေါင်းပါဝင်မှုကို မြှင့်တင်ပြီး မူးယစ်ဆေးဝါးနှင့်ပတ်သက်သည့် သတင်းအချက်အလက်များကို လျှို့ဝှက်လုံခြုံစွာ သတင်းပေးပို့နိုင်ရေး။
စသည့် အချက်များကို အဓိကထား ပြဋ္ဌာန်းထားပါသည်။
မူးယစ်ဆေးဝါးကင်းစင်သော လူမှုအသိုင်းအဝိုင်းတစ်ရပ် တည်ဆောက်ခြင်းသည် အဖွဲ့အစည်းတစ်ခုတည်း၏ တာဝန်မဟုတ်ဘဲ ပြည်သူတစ်ရပ်လုံးနှင့် သက်ဆိုင်သည့် စုပေါင်းတာဝန်တစ်ရပ် ဖြစ်ပါသည်။
ထို့ကြောင့် ကရင်နီပြည်သူလူထုအနေဖြင့် မူးယစ်ဆေးဝါးအန္တရာယ် ကာကွယ်တားဆီးရေးလုပ်ငန်းများတွင် တက်ကြွစွာ ပူးပေါင်းပါဝင်ပေးကြပါရန် တိုက်တွန်းနှိုးဆော်အပ်ပါသည်။
မူးယစ်ဆေးဝါးကင်းစင်သော ကရင်နီပြည်၊ လုံခြုံအေးချမ်းသော လူမှုအသိုင်းအဝိုင်းနှင့် အနာဂတ်မျိုးဆက်သစ်များအတွက် အတူတကွ ပူးပေါင်းဆောင်ရွက်ကြပါစို့။
PDF file ဖြင့် download ရယူရန် –
⬇️ ဒေါင်းလုဒ်ရယူရန်