

ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
ညွှန်ကြားချက်အမှတ် (၂၁ / ၂၀၂၄)
၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ (၁၄) ရက်
ကရင်နီပြည်အတွင်း တောမီးရှို့ခြင်းနှင့်စပ်လျဉ်း၍ အများပြည်သူလိုက်နာစေရန်ဆောက်ရွက်ပေးနိုင်ရေး ညွှန်ကြားချက်
၁။ ကရင်နီပြည်တွင် ပွင့်လင်းရာသီအတွင်း အကြောင်းမဲ့ဖြစ်စေ၊ တောလိုက်ရန်ဖြစ်စေ တောမီးရှို့ခြင်းနှင့်ရွှေ့ပြောင်းတောင်ယာစိုက်ပျိုးရေးအတွက် မီးရှို့ခြင်းများကြောင့် မီးခိုးမြူငွေ့နှင့် လေထုညစ်ညမ်းမှုများ
နှစ်စဉ်နှစ်တိုင်း ဖြစ်ပေါ်လေ့ရှိသည်။ တောမီးရှို့ခြင်းကြောင့် လေထုညစ်ညမ်းမှု မြှင့်တက်ခဲ့ပြီး စစ်ရှောင်ပြည်သူများစွာ မီးခိုးကြောင့် အသက်ရှုကြပ်ခြင်းများ ဖြစ်ခဲ့ရပါသည်။ ထိုအပြင် ပြည်သူများ မှီခိုအားထားနေသည့်သစ်တော၊ သစ်ပင်များ အလဟသပြုန်းတီးခြင်း၊ တောရိုင်းတိရစ္ဆာန်များ၏ နေရင်းဒေသများပျောက်ဆုံး၍ဇီဝမျိုးစုံမျိုးကွဲများ ရှားပါးလာကာ ဂေဟစနစ်များပျက်စီးခြင်းစသည့် နောက်ဆက်တွဲဆိုးကျိုးများ ရှိလာနေပါသည်။ အထူးသဖြင့် ၂၀၂၄ နွေရာသီကာလ လေထုညစ်ညမ်းမှုနှင့် အဆိပ်သင့်မီးခိုးငွေ့များ သိသာစွာဖြစ်ပေါ်ခဲ့ကာ ရာသီဥတုဖောက်ပြန်မှုနှင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးကို ဆိုးရွားစွာထိခိုက်မှုဖြစ်စေခဲ့သည်။
၂။ သို့ဖြစ်၍ မြို့နယ်အသီးသီးမှ ကရင်နီပြည်သူ၊ ပြည်သားများအနေဖြင့် အောက်ပါအချက်အလက်များ
လိုက်နာဆောင်ရွက် စေရန်အတွက်
(က) မိဘပြည်သူများမှ မလိုအပ်ပဲ တောမီးရှို့ခြင်းမပြုလုပ်ကြရန်၊
(ခ) မြို့နယ်အုပ်ချုပ်ရေးကောင်စီ/ကော်မတီ၏ ခွင့်ပြုချက်မရှိဘဲ တောင်ယာမီးရှို့ခြင်းနှင့်တောလိုက်ရန် မီးရှို့ခြင်းတို့အပြင် အကြောင်းမဲ့တောမီးရှို့ခြင်းများ တွေ့ရှိပါက ရှိရင်းစွဲ သစ်တောဥပဒေဖြင့် ထိရောက်စွာ အပြစ်ပေးအရေးယူ သွားမည်ဖြစ်သောကြောင့်မိရိုးဖလာရွေ့ပြောင်းတောင်ယာစိုက်ပျိုးရေးအတွက် တောင်ယာစိုက်ခင်းများကို မီးရှို့၍မြေရှင်းလင်းမှုများ ပြုလုပ်လိုပါက မီးတားပြီးမှလုပ်ဆောင်ရန်နှင့် သက်ဆိုင်ရာမြို့နယ်အုပ်ချုပ်ရေးကောင်စီ/ကော်မတီ ထံတင်ပြကာ ခွင့်ပြုချက်ရယူရန်၊
(ဂ) လူနေအိမ်နှင့် စစ်ရှောင်စခန်းများတွင် ပေါ့ဆမီးလောင်မှု မဖြစ်ပွားစေရေး မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးလုပ်ငန်းများတွင် ပူးပေါင်းပါဝင်ပေးကြရန်၊
(ဃ) စည်းကမ်းမဲ့ ရွှေ့ပြောင်းတောင်ယာမီးရှို့ခြင်းနှင့် တောမီးရှို့ခြင်းများကြောင့် အန္တရာယ်ရှိသည့်မီးလောင်ကျွမ်းမှုများ မဖြစ်ပေါ်စေရေးအတွက် ကျေးရွာအုပ်ချုပ်ရေး၊ ရပ်ကျေး အုပ်ချုပ်ရေးနှင့်မြို့နယ်အုပ်ချုပ်ရေးတို့မှ ထပ်ဆင့်ဒေသန္တရအမိန့် ညွှန်ကြားချက်များကို ထုတ်ပြန်၍ပြည်သူများပါဝင်ဆောင်ရွက်နိုင်ရန် အသိပေးနှိုးဆော်ချက်များ ဆောင်ရွက်နိုင်ရန် ညွှန်ကြား
ပါသည်။
ပုံ
ခူဦးရယ်
ကရင်နီပြည် ကြားကာလအုပ်ချုပ်ရေးကောင်စီ
စာအမှတ် ၊ 176 / IEC (Dept-DoHA) / 2024
ရက်စွဲ ၊ ၂၀၂၄ ခုနှစ် ၊ နိုဝင်ဘာလ (၁၄) ရက်
ပြည်ထဲရေးဌာန
ဖြန့်ဝေခြင်း
မိတ္တူကို
– ရုံးလက်ခံ